မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးအပါအဝင် လူ ၄ ဦး အသတ်ခံရ

မောင်တောတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးအပါအဝင် လူ ၄ ဦး အသတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သူ့ဇနီးအပါအဝင် လူ (၄) ဦးကို အမည်မသိ အုပ်စု တစ်ခုက လွန်ခဲ့သော စနေနေ့ ညဉ့်က ၀င်ရောက် သတ်ဖြတ်သွားခဲ့သည်။

အသတ်ခံရသူမှာ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ဘင်္ဂလီကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ သူ၏ ဇနီးနှင့် နောက်ထပ် ဘင်္ဂလီအမျိုးသား (၂) ဦးတို့ ဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့ရုံးက အတည်ပြု ပြောကြားသည်။

 ခြံစည်းရိုးကာရံသော်လည်း အနောက်ဘက်နယ်စပ် မလုံမခြံု ဖြစ်နေ

“အသတ်ခံရတာက ၄ ဦးဖြစ်ပါတယ်။ ဒီအထဲမှာ ဘင်္ဂလီလူမျိုး သင်္ဘောကွေ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ ဇနီးလည်း ပါ၀င်ပါတယ်။ ဒဏ်ရာရတဲ့သူ ၁၅ ဦး ရှိပါတယ်။ သတ်တဲ့လူတွေက ဘင်္ဂလီ ၃၀ လောက်လို့ သိရပါတယ်။ တစ်ဘက်နိုင်ငံက ၀င်ပြီးကျုးလွန်သွားတာလို့ သိရှိရပါတယ်” ဟု သူက ပြောသည်။

ယခုအခါ အမူကို စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ သတ်ဖြတ်ခံရသည့် အသေးစိတ်အချက်အလက်များကိုမူ  မပြောဆိုနိုင်သေးကြောင်းသူက ဆိုသည်။

“ ကျွန်တော်တို့အနေနဲ့ စုံစမ်းဆဲ ဖြစ်ပါတယ်။ နောက်နေ့လောက်မှ အသေးစိတ် ပြောနိုင်မယ်။ အခု အခင်းဖြစ်တဲ့ နယ်မြေက ရဲတွေရဲ့ လက်အောက်မှာ မရှိတော့ဘဲ နယ်စပ်လုံခြံုရေးတပ်ဖွဲ့အောက်ကို ရောက်သွားတဲ့ အတွက် ဟိုက သတင်းတက်လာမှဘဲ အသေးစိတ် ပြောပြနိုင်မယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က စပြီး ဓါးပြတိုက်မူများ ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ယင်းနောက်ပိုင်းတွင် ယခု လူသတ်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရသေ့တောင်မြိုု့နယ်နှင့် မောင်တောမြို့နယ် နယ်စပ် မယူတောင်ကို ဖြတ်ပြီး ဖေါက်လုပ်ထားသော အင်းဒင်- အထက်နန်းရာ တောင်ကျော်လမ်းတွင်လည်း လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ဓါးပြတိုက်မူတစ်ခု ဖြစ်ပြီး ကုန်သည်များ အပါအဝင် လူပေါင်း (၃၀) ခန့်မှာ ဓါးပြတိုက်ခံခဲ့ရသည်ဟု ယင်းတောင်ကျော်လမ်း အနီးရှိ ချွတ်ပြင်ရွာသား ဦးအောင်သိန်းမျှက ပြောဆိုသည်။

“ တိုက်တဲ့အဖွဲ့က အဒူလာကိန်းအဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့မှာ လူခုနှစ်ဦးပါတယ်လို့ ပြောပါတယ်။ အတိုက်ခံရတာကလည်း မွတ်လင် ၃၀ ခန့်ဖြစ်ပါတယ်။ သူတို့ကို ကြိုးနဲ့ တုတ်ပြီး ပါလာတဲ့ ပိုက်ဆံတွေကို အကုန်ယူသွားတယ်လို့ ပြောပါတယ်။ သိန်း ၆၀ ဖိုးခန့် ပါသွားတယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။

၎င်းဓါးပြအဖွဲ့သည် ယင်းနေ့ ညေနေပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း အင်ဒင်ကျေးရွာအနီးရှိ ဟိန္ဒူလူမျိုးများပိုင် ပန်းတိမ်ဆိုင်များကိုလည်း ၀င်ရောက် ဓါးပြတိုက်သွားခဲ့သည်ဟု သူက ဆက်ဆိုသည်။

ဓါးပြတိုက်မူများနှင့် ယခု လူသတ်မူမှာ ဆက်စပ်မူ ရှိ မရှိကို မသိရသေးသော်လည်း ဒေသခံပြည်သူများ အကြား စိုးရိမ်မူ အထူးတိုးပွားနေပြီး နယ်စပ် လုံခြံုရေးကို ပိုမို တိုးမြှင့်ချထားရန် လိုလားနေကြသည်ဟု သိရသည်။

Most read this week