စစ်ရှိန်လျှော့ချရေး အစိုးရနှင့် ကေအိုင်အေ မေ ၁၃ ရက် တွေ့မည်ဟု ဦးအောင်မင်း အတည်ပြု

စစ်ရှိန်လျှော့ချရေး အစိုးရနှင့် ကေအိုင်အေ မေ ၁၃ ရက် တွေ့မည်ဟု ဦးအောင်မင်း အတည်ပြု
by -
မဇ္စျိမ

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အကြား ဧပြီလလယ်ခန့်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သဖြင့် စစ်ရှိန်လျှော့ချရေးအတွက် နှစ်ဖက်အဖွဲ့များက မေလ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက မေလ ၃ ရက်တွင်  မဇ္စျိမကို အတည်ပြုပြောသည်။

သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးလည်းဖြစ်သူ ဦးအောင်မင်းက “ကေအိုင်အေနဲ့က ချိန်းတော့ ချိန်းနေတယ်။ ၁၃ ရက်နေ့လောက်ဖြစ်မလား မသိဘူး။ ကျွန်တော်ကိုယ်တိုင် သွားရမှာပေါ့။ လူက ရှိမှ မရှိတာ”ဟု ဆိုသည်။

kia

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုရရှိသူများ၊ ဘက်စုံပညာထူးချွန်လူငယ်များ၊ ထူးချွန်ကြက်ခြေနီ လူငယ်များနှင့် ကင်းထောက်လူငယ်များအား  နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာတွင် တည်ခင်းဧည့်ခံသည့် ညစာစားပွဲအပြီးတွင် ဦးအောင်မင်းက မဇ္စျိမကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရက်က နည်းနည်းလိုသေးတာကို။ ဒါကတော့ ပဋိပက္ခဖြေလျှော့ရေးပေါ့”  ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ထိုကဲ့သို့ နှစ်ဖက်တပ်များ ထိတွေ့မှုများပြန်လည်ဖြစ်ပွားခြင်းသည် လုံလောက်သော ယုံကြည်မှုတည်ဆောက် ခြင်း မပြုနိုင်ခြင်းကြောင့် ဖြစ်ကြောင်းနှင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်နိုင်ရေးတွင် အားနည်းချက်များလည်း ရှိနေသည်ဟု ဦးအောင်မင်းက မှတ်ချက်ပေးသည်။

ကချင်ပြည်နယ်တွင် ဧပြီလ ၁ဝရက်ခန့်မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် KIAဘက်မှ စတင်ကာ အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ဧပြီလ ၂၉ရက်က စာပို့ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ မည်သူတက်မည်ကိုမူ ဦးအောင်မင်းက မသိရှိသေးဟုဆိုသည်။

အထက်ပါ မြစ်ကြီးနားဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေး နမ်ဗီယား၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ Mr Wang Yingfanတို့ကို လေ့လာသူအဖြစ်လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု KIA၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မဇ္စျိမကို ပြောကြားထားသည်။