ကချင်ပြည်နယ် ၊ မန်စီမြို့နယ် မန်ဝိုင်းကြီး ကျေးရွာအနီးရှိ လဂတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၄ဦးကို အစိုးရစစ်တပ်က မေလ ၃ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္စျိမကို ပြောသည်။
လဂတ်ယန် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများက ဖုန်းဆက်၍ အကြောင်းကြားခဲ့သဖြင့် ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက မြောက်ပိုင်းတိုင်း စစ်ဌာနချူပ်ကို ဆက်သွယ်၍ တိုင်ကြားစာ ပေးပို့ထားခဲ့သည်။
ဦးလမိုင်ဂွမ်ဂျာက "ဌာနချူပ်ကတော့ ပြန်စစ်ဆေးပြီးတော့ မှန်ရင်လွတ်ပေးမယ်လို့ မနေ့ကပြောပေမယ့် ခု၂၄နာရီ ကျော်သွားပြီ ပြန်မလွတ်လာသေးပါဘူး” ဟု ပြောသည်။
မေလ ၃ရက် မနက် ၁ဝနာရီခွဲခန့်က မန်ဝိုင်းကြီး ရွာ အနောက်ဘက်တွင် ဗုံးပေါက်ကွဲခဲ့၍ ဒေသခံတဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဗုံးကွဲပြီးနောက် ညနေ ၄နာရီကျော်တွင် ခမရ ၈၈မှ တပ်ရင်းမှူးကိုယ်တိုင် ဒုက္ခသည် စခန်းကို ရောက်ရှိလာပြီး လူ၁၄ဦးကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မန်ဝိုင်းကြီးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးလရှီးမျိုးဆန်က မဇ္စျိမကို ပြောသည်။
ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နှင့် အစိုးရစစ်တပ်တို့ ပြီးခဲ့သော ဧပြီလ ၁ဝရက်နှင့် ၁၈ရက်ခန့်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရာတွင် အဆိုပါ လဂတ်ယန် ဒုက္ခသည်စခန်းသည်လည်း ပါဝင်ခဲ့သည်။
လဂတ်ယန် ဒုက္ခသည်စခန်းသည် KIA၏ နယ်မြေဖြစ်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပြီးနောက်တွင် အစိုးရက သိမ်းပိုက်ခဲ့ပြီး စခန်းအနီးတွင် တပ်စွဲထားခဲ့ကြောင်းနှင့် တိုက်ပွဲအရှိန် လျော့ကျပြီးနောက် စခန်းသို့ ပြန်လည် ဝင်ရောက်လာသော ဒုက္ခသည်များကို နေရပ်ပြန်ရန် အဆိုပါ တပ်မှူး၏ ဖိအားပေးခြင်းကို စခန်းတာဝန်ခံများ ရင်ဆိုင်နေရသည်ဟု မေတ္တာဖောင်ဒေးရှင်း စီမံကိန်း ညှိနှိုင်းရေးမှူး ကိုဂွမ်ရှာအောင်က မဇ္စျိမကို ပြောသည်။
“ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် စစ်တပ်က လူဦးရေ စာရင်းကောက်တယ်။ ရှောင်တခင် ဝင်စစ်တာ တွေလည်းလုပ်တယ်။ ခုအဖမ်းခံလိုက်ရတဲ့ လူ၁၄ယောက်က စခန်းကို ပြန်ဝင်လာတာ နောက်ကျတော့ စစ်တပ်ရဲ့ လူစာရင်းထဲမှာ မပါဘူးဖြစ်နေတယ်” ဟု ကိုဂွမ်ရှာအောင် ဆိုသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကို မဇ္စျိမက ဆက်သွယ်မေးမြန်ခဲ့ရာ ဒုက္ခသည်များ အဖမ်းခံထားရသည့် သတင်းကို လက်ခံရရှိခြင်း မရှိသေးကြောင်း ဖြေဆိုခဲ့သည်။ ထို့အတူ ဗန်းမော်ခရိုင် အုပ်ချူပ်ရေးမှူးနှင့် မိုးမောက်မြို့နယ် အုပ်ချူပ်ရေးမှူးတို့ကိုလည်း ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။
ဒုက္ခသည်များ စခန်းမှ ဖမ်းဆီးခံရခြင်းသည် လဂတ်ယန် စခန်းတွင ်ပထမဆုံး အကြိမ်ဖြစ်သည့်အတွက် ကျန်ရှိနေသော ဒုက္ခသည်များအနေဖြင့် ထိတ်လန့်နေကြပြီး ကချင်ဒုက္ခသည်များကို ကူညီပေးနေသော အရပ်ဖက်အဖွဲ့အစည်းများ၊ ဒုက္ခသည်စခန်းတာဝန်ခံများ နှင့် ဘာသာရေး အသင်းအဖွဲ့များကလည်း ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
၁၇နှစ်ကြာ သက်တမ်းရှိပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်စတင်ဖြစ်ပွားခဲ့သော ၂ဝ၁၁ခုနှစ် ဇွန်လ၉ ရက်မှစ၍ ကချင်ဒုက္ခသည်များကို ကူညီပေးနေသည့် မေတ္တာဖောင်ဒေးရှင်းက ဧပြီလ ၂၇ရက်မှ ၃ဝရက်ထိလဂတ်ယန် ဒုက္ခသည်စခန်းနှင့် တခြားစခန်းများသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းများတွင် ကြုံတွေနေရသော အခက်အခဲများ နှင့် လိုအပ်ချက်များကို အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
တိုက်ပွဲများကြောင့် ဒုက္ခသည်များ ထောင်ဂဏန်းကျော် တိုးပွားလားခြင်းနှင့်အတူ ဖိအားပေးခြင်း ခြိမ်းခြောက် ခံရခြင်းများ ကြုံတွေ့နေရခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေးကို အဦးဆုံးလိုအပ်နေကာ စခန်းတွင် နေရာချပေးရန် မြေနေရာများနှင့် တဲများလိုအပ်နေသည်ဟု မေတ္တာဖောင်ဒေးရှင်း စီမံကိန်းညှိနှိုင်းရေးမှူး ကိုဂွမ်ရှာအောင်က ဆိုသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနေခြင်းကြောင့် အစိုးရနှင့် KIOတို့ မေလ ၁၃ရက်တွင် တွေ့ဆုံဆွေးနွေးတော့မည်ဖြစ်သည်။