တဖွဲ့နှင့်တဖွဲ့ စည်းလုံး ညီညွတ်ရေး တည်ဆောက် ရာတွင် ယုံကြည်မှု သည် အဓိက ဖြစ်ကြောင်း သျှမ်းပြည် ညီညွှတ်ရေး ကော်မတီ CSSU ၏ ၆ လပတ် အစည်း အဝေး၌ သျှမ်းခေါင်း ဆောင်များက ပြောဆိုကြသည်။
သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းပြည်တပ်မတော် ၂ ဖွဲ့၊ လူမှုအသင်းအဖွဲ့များနှင့် ဖွဲ့စည်းထူထောင်ထား သည့် သျှမ်းပြည်ညီညွှတ်ရေးကော်မတီ Committee for Shan State Unity (CSSU)၏ ၆ လ ပတ် အစည်းအဝေးကို မေလ ၁ ရက်နှင့် ၂ ရက်တို့တွင် ထိုင်း−မြန်မာနယ်စပ်တနေရာ၌ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ ရ၀ ကျော် တက်ရောက်ခဲ့သည်။
အစည်းအဝေး အဓိကရည်ရွယ်ချက်မှာ စည်းလုံးရေး၊ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက်ဖြစ်သည်ဟုဆို ပါ သည်။
သျှမ်းပြည်သူများ စစ်ဘေးစစ်ဒဏ်၊ ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်ရန် စည်းလုံးရေး အထူးလိုအပ် နေသည်ဖြစ်ရာ CSSU သည် စည်းလုံးရေးအတွက်ဖြစ်ပြီး ပြည်သူများ ဆင်းရဲဒုက္ခတွင်းမှ လွတ် မြောက်ရန် လှေကားတထစ်ဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု−ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။
“စည်းလုံးရေးအတွက် ယုံကြည်မှုက အဓိကကျတယ်။ ယုံကြည်မှု၊ နားလည်မှု၊ အသိအမှတ်ပြုမှုရှိရင် စည်းလုံးရေးဟာ အောင်မြင်မယ်။ ပြောသလိုလုပ်ပြီး ပြောသလိုစဉ်းစားတွေးခေါ်မယ်ဆိုရင် လိုချင် တဲ့ စည်းလုံးရေးကိုလည်း ရနိုင်တယ်။ ဝေဖန်ပြစ်တင်ပြောဆိုတာဟာ စည်းလုံးရေးကို ပြိုကွဲစေ တယ်။ စည်းလုံးမှုနဲ့ အလှမ်းဝေးစေတယ်။ စည်းလုံးရေးမှာ အမြင်မတူတာ ပြဿနာ မဟုတ်ဘူး။ အခြေခံမူ တူဖို့ဘဲ အရေးကြီးတယ်။”
စည်းလုံးရေးတည်ဆောက်ရာ၌ မည်သို့ စည်းလုံးကြမည်၊ မည်သည့်လုပ်ရပ်များသည် စည်းလုံးမှု မရှိနိုင်ဟု ထောက်ပြနိုင်ပါက ပြုပြင်ရန် လွယ်ကူမည်ဖြစ်ကြောင်း၊ တူညီသည့်အချက်မှစ၍ စည်း လုံးရေးကို တည်ဆောက် ယူရမှာဖြစ်ကြောင်း၊ မတူသည့်အချက်မှစပါက စည်းလုံးရေးကို မည်သည့် အခါမျှ တည်ဆောက်နိုင် မှာမဟုတ် ကြောင်း Pyidaungsu Institute မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်း က ပြောပါသည်။
“ဘယ်လိုဘဲ စိတ်တူကိုယ်တူလို့ဘဲပြောပြော ကိုယ်ကတူအောင် လုပ်နိုင်ပေမဲ့ စိတ်ကတူအောင် ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတဲ့ သဘာဝတရားကို နားလည်ထားပြီး တဖွဲ့နဲ့တဖွဲ့ ညှိနှိုင်းဆွေးနွေးရ မယ်။ ဒါမှ ပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်။ စည်းလုံးဖို့ ယုံကြည်ချက်က အဓိက ဖြစ်တယ်။ ယုံကြည်ချက်က မတူနိုင်ပေမဲ့ နီးစပ်ပါစေ။ အချင်းချင်း ယုံကြည်မှုရှိဖို့ လိုအပ်တယ်။ စည်းလုံးရေး အတွက် ညှိနှိုင်းမှာပါ။ စိတ်မပူပါနဲ့” ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောပါ သည်။
CSSU ၏ ၆ လပတ်အစည်းအဝေး၌ စည်းလုံးရေးအပြင် အစိုးရနှင့်နိုင်ငံရေးဆွေးနွေးမည့်ကိစ္စ၊ အိမ်ထောင်စု စာရင်းကောက်ယူမှု၊ ပြည်တွင်း−ပြည်ပ နိုင်ငံရေးအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ကို ၂၀၁၃ အောက်တိုဘာလ ၁၅ ရက်နေ့၌ SNLD၊ SNDP၊ RCSS/SSA ၊ SSPP/SSA နှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်းပြီး ဖွဲ့စည်းထူထောင်ခဲ့သည်။