မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ကို ဖြတ်ကူးဆန္ဒပြ

မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ကို ဖြတ်ကူးဆန္ဒပြ
by -
မဇ္စျိမ

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးတော့မည့် ဧရာဝတီမြစ်အား ကာကွယ်ပေးလိုသည်ဟုဆိုကာ ပဲခူးတိုင်း၊ ပြည်မြို့ခံ ၁၄ ဦးသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ လက်ပစ်ကူး ဖြတ်ကာ မေလ ၁ ရက်တွင် စုပေါင်း ဆန္ဒထုတ်ဖော်လိုက်သည်။

ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ပြည်မြို့စည်ပင်သာယာရေး ရေစစ်ကန်ဝင်း နောက်ဘက်မှ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ ရွှေဘုံသာစေတီ ဘက်သို့ ဖြတ်ကူး ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

myit saung

“မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး သေတော့မလိုဖြစ်နေပြီ။ ဧရာဝတီမြစ်ကြီးက ကျဉ်းနေတော့ ဟိုဘက်ဒီဘက်တောင် လမ်းလျှောက်လို့ရတယ်။ ဧရာဝတီမြစ်ကို မသေသေအောင် သတ်နေကြတယ်။ ဧရာဝတီမြစ်ကို ကာကွယ်ဖို့လိုတဲ့အတွက် မြစ်ဖြတ်ကူး ဆန္ဒထုတ်ဖော်တာ”ဟု မြစ်ဖြတ်ကူးရာတွင် ပါ၀င်သည့် ဦးကျော်ဆွေက ပြောသည်။

ဧရာဝတီမြစ်ရေပြင် ကန်လန့်ဖြတ်အကျယ်သည် ယင်းနေရာတွင် လက်ရှိ တစ်မိုင်အောက်သာရှိမည်ဟု ခန့်မှန်းထားသော်လည်း ရေအနက်နှင့် အကွာအဝေး တိကျစွာ မသိရှိသေးဟု ဆိုသည်။ မြစ်ကိုဖြတ်ကူး မည့်သူများတွင် အသက်အငယ်ဆုံး ၂၀ နှစ်ဝန်းကျင်မှ အသက် ၅၀ ကျော်အရွယ်အထိ ပါ၀င်သည်။

“စာလည်းမတင်ဘူး။ အကြောင်းလည်း မကြားထားဘူး။ ရေဖြတ်ကူးခွင့်ဆိုတာ ဥပဒေမှာမရှိဘူး”ဟု ဦး ကျော်ဆွေက ပြောသည်။ မြစ်ဖြတ်ကူး ဆန္ဒပြသူများကို အသက်ကယ်လှေသုံးစင်းက လိုက်လံစောင့် ရှောက်ခဲ့ပြီး ဆန္ဒပြသူများကို မြို့ခံလူထု ၂၀၀ ကျော်က လာရောက် အားပေးကြည့်ရှုကြသည်။

အသက်ကယ်လှေများပေါ်တွင် “ဧရာဝတီမြစ်ကို ချစ်မြတ်နိုးသူတိုင်း ဧရာဝတီကို ကာကွယ်ကြ” စာသားပါ မေခနှင့်မလိခ မြစ်များဆုံပုံ၊ ဧရာဝတီမြစ် ရှုခင်းပုံ၊ ဧရာဝတီမြစ်ပါ မြန်မာနိုင်ငံမြေပုံ စသည့် ဗီနိုင်းပိုစတာသုံး ချပ်ကို တင်ဆောင်ထားသည်။

Most read this week