မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်တခုဖြစ်နေပြီး လူမှုဘဝ ဖွ့ံဖြိုးတိုးတက်ရေး စစ်တမ်း ကောက်ယူမှုများအရ အနိမ့်ဆုံး အညွန်းကိန်း ရလာဒ်များနှင့် ကြံုတွေ့နေရသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ယူနီဆက်ဖ်က ဆောင်ရွက်နေသော ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဧပြီလ ၃ဝရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယူနီဆက်က ယင်းတို့ စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
“၂ဝ၁၂ခုနှစ်က စတင်ဖြစ်ခဲ့တဲ့ ဒေသတွင်း ပဋိပက္ခတွေကြောင့် အခြားတိုင်းနှင့် ပြည်နယ်တွေနဲ့ ယှဉ်ရင် လူမူဘဝ စီးပွားရေး အားလုံးက အဖက်ဖက်ကနေ ယိုယွင်းချို့တဲ့နေပါတယ်။ ရခိုင်မှာရှိတဲ့ ကလေးတွေ က ဆင်းရဲမွဲတေမှုနဲ့ ပညာရေးမှာ အနိမ့်ဆုံး အနုတ်အောက်မှာ ဖြစ်နေတယ်” ဟု ယူနီဆက်ဖ်၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ၂ဝ၁၄-၂ဝ၁၅ခုနှစ် ၂နှစ်တာ အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူပေါင်း၍ လုပ်ငန်းသစ်များကိုရေးဆွဲသွား မည် ဖြစ်သည်။
ပဋိပက္ခများ မဖြစ်ခင်က ယူနီဆက်ဖ်နှင့် ကုလသမဂလက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါတွင် ခက်ခဲသော အခြေအနေများနှင့် စွပ်စွဲမှု သံသယများ နှင့် ကြံုတွေ့နေရခြင်းကြောင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ အရပ်ဖက်အဖွဲ့များနှင့် ပိုပိုနီးစပ် နားလည်မှုရှိစွာ လက်တွဲလုပ်ဆောင်လိုသည်ဟု ယူနီဆက်ဖ်က တာဝန်ရှိသူများကဆိုကြသည်။
Mr.Bertrand Bainvel က “ UNမှာလည်း လိုက်နာရမယ့် မူတွေရှိတယ်။ ကျွန်တော်တို့တွေပေးတဲ့ အကူညီတွေက လူသားတစ်ဦး ဆိုတဲ့ အချက်ပေါ်ကိုပဲ မူတည်ပြီးတော့ ဘာသာ၊ လူမျိုး မခွဲခြားဘဲနဲ့
လူတွေရဲ့ လိုအပ်ချက်တွေ အပေါ်ကို မူတည်ပြီး ပေးသွားမှာပါ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
ယူနီဆက်ဖ်သည် ၂ဝဝဝ ပြည့်နှစ်အစောပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာခဲ့၍ ကလေးများ၏ ကျန်းမာရေးနှင့် အာဟာရရရှိမှု၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ HIV နှင့်ကလေးသူငယ်၊ ပညာရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အစိုးရ နှင့် အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေခဲ့သည်။