တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးအတွက် NCCT နှင့် UPWC တို့ မေလလယ်မှ ပြန်လည် တွေ့ဆုံမည်

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးအတွက် NCCT နှင့် UPWC တို့ မေလလယ်မှ ပြန်လည် တွေ့ဆုံမည်
by -
သျှမ်းသံတော်ဆင့်

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် တိုင်းရင်းသား ဘက်မှ NCCT နှင့် အစိုးရဘက်မှ UPWC တို့ မေလ လယ်ပိုင်းမှ ပြန်လည် တွေ့ဆုံ ဆွေးနွေး မည်ဟု သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းမှု လိုအပ်နေ သေးသည့် အတွက်ကြောင့် ဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးလှမောင်ရွှေက ပြောသည်။

PI)

“တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ချင်းစီမှာ ဆွေးနွေးတိုင်ပင်တာ လိုအပ်နေသေးတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ညီလာခံကျင်းပဖို့ လိုသေးတယ်လို့ NCCT က ပြော တယ်။ ဒါကြောင့် နောက်ဆွေးနွေးပွဲက မေလလယ်ပိုင်းလောက် ရွှေ့သွားနိုင်တယ်။”

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့်  ၂၀၁၃ အောက်တိုဘာလ ၃၀ မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကချင်လွတ်လပ်ရေး တပ်မတော်ဌာနချုပ် လိုင်ဇာမြို့၌ ပထမအကြိမ်၊ ၂၀၁၄ ဇန္နဝါရီလ ၂၀ မှ ၂၅ ရက်နေ့ထိ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် လော်ခီးလာ၌ ဒုတိယ အကြိမ် “တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အုပ်စုများညီလာခံ” ကို ပြုလုပ်ပြီးဖြစ်သည်။

တတိယအကြိမ် ညီလာခံကို ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု−သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS မိုင်းလားတပ်ဖွဲ့တို့ ပါဝင်လာနိုင်စေရန် တရုတ်နယ်စပ်၌ ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် NCCT အနေဖြင့် မည်သည့်နေရာ၌ ပြုလုပ်မည်ကို ကြေငြာ ခြင်း မရှိသေးပေ။

ဧပြီလ ၅− ၈ ရက်နေ့ ရန်ကုန်၌ တွေ့ဆုံစဉ် အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား တော်လှန် ရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပူးတွဲရေးဆွဲခဲ့သည်။ သို့သော် အများဖတ်ရှုလေ့လာရန် အဆင်သင့်မဖြစ်သေးဟု ဆို၏။

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးအသင်း NCCT နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC တို့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးအတွက် ရ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ် သည်။ ၂၀၁၃ နိုဝင်ဘာလ ၄− ၅ ရက် မြစ်ကြီးနားမြို့၊ ၂၀၁၃ ဒီဇင်ဘာလ ၂ ရက် ရန်ကုန်မြို့၊ ၂၀၁၃ ဒီဇင်ဘာလ ၁၂−၁၃ ရက် ရန်ကုန်မြို့၊ ၂၀၁၃ ဒီဇင်ဘာလ ၂၉ ရက် ချင်းမိုင် မြို့၊ ၂၀၁၄ ဇန္နဝါရီလ ၂၉ ရက် ချင်းမိုင်မြို့၊ ၂၀၁၄ မတ်ချ်လ ၉−၁၀ ရက် ရန်ကုန်မြို့နှင့် ၂၀၁၄ ဧပြီလ ၅−၈ ရက် ရန်ကုန်မြို့−တို့၌ ဖြစ်သည်။

သို့သော် ယနေ့တိုင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ RCSS/SSA နှင့် အစိုးရစစ်တပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျှက်ရှိသည်။

Most read this week