ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ညီလာခံတွင် နေ့ရက်(၃)ရက်ကို ဆန်ခါတင်ရွှေးချယ်

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ညီလာခံတွင် နေ့ရက်(၃)ရက်ကို ဆန်ခါတင်ရွှေးချယ်
by -
နိရဥ္စရာ

ကျောက်ဖြူတွင် ကျင်းပနေသော အမျိုးသားညီလာခံတွင် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် အတွက် အရေးကြီး သော နေ့ရက် (၃) ရက်ကို ဆန်ခါတင် ရွှေးချယ်လိုက်ပြီဟု သိရသည်။

ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသား သမိုင်းပညာရှင်များနှင့် အသိပညာရှင်များက အကြိတ်အနယ် ဆွေးနွေးပြီး နောက် နေ့ရက်ကြီး  (၃) ရက်ထဲက တစ်နေ့နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် အဆိုပြုထားကြောင်း အမျိုးသားနေ့ ပေါ်ပေါက်ရေး ကြိုးပမ်းသူများထဲတွင် တစ်ဦးဖြစ်သူ ဆရာစစ်တွေ ညိုသန့်က ပြောသည်။

narinjara30041401

“ ကျွန်တော်တို့ အနေနဲ့ အမျိုးသားနေ့ ပေါ်ပေါက်ဖို့ အတွက်ကြိ်ုးပမ်းလာတာ (၂) နှစ်ခန့် ရှိနေပြီ ဖြစ်တယ်။ အခု ကျောက်ဖြူညီလာခံမှာ ရန်ကုန်တိုင်းက ကိိုယ်စားလှယ်တွေရော၊ ရခိုင်ပြည်နယ်က ကိုယ်စားလှယ်တွေရော တွေ့ဆုံ ဆွေးနွေးကြတော့ ရက်တွေအများကြီး အဆိုပြုလာတဲ့ ကြားထဲက နေ့ရက်သုံးရက်ကို ရွှေးချယ်နိုင်ခဲ့ပါတယ်။ အဲဒီ သုံးရက်ထဲက တစ်နေ့နေ့ကို ရခိုင် အမျိုးသားညီလာခံမှာ အမျိုးသားနေ့ အဖြစ် ဆုံးဖြတ် သတ်မှတ်ပေးဖို့ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အနယ်အရပ်ရပ်မှ စိတ်ဝင်စားသူ အများအပြားမှ နေ့ရက်အသီးသီးကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြသော်လည်း အများဆုံးဖြတ်ချက်အရ နေ့ရက်သုံးရက်ကိုသာ ရွှေးချယ်ခဲ့ကြသည်။

“ ပထမ တစ်နေ့က ဘုရားရှင် ရခိုင်ပြည်ကို ကြွရောက်ပြီး ရခိုင်တမျိုးသားလုံး အမြတ်တနိုးကိုးကွယ်နေတဲ့ မဟာမုနိဘုရားကို သွန်းလုပ်တဲ့နေ့၊ နောက်တစ်နေ့က မင်းစောမွန် မြောက်ဦးကို တည်တဲ့နေ့၊ နောက်တစ်နေ့ကတော့ ကျောက်ဖြူ ရခိုင်အမျိုးညီလာခံကျင်းပတဲ့နေ့ တို့ ဖြစ်ပါတယ်။ ဒီနေ့ သုံးနေ့ထဲက တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ အခု စီစဉ်နေပါတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ နေ့ရက် (၃) ရက်ထဲမှ တစ်နေ့ နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ်ရန် တင်ပြသွားမည် ဖြစ်သော်လည်း ယခုညီလာခံမှ သတ်မှတ်မည် မသတ်မှတ်မည်ကို ယနေ့တွင် ဆက်လက် ဆွေးနွေးကြရအုံး မည်ဟု ဆရာ စစ်တွေ ညိုသန့်က ဆိုသည်။

Most read this week