ရှမ်းပြည် တွင်းရှိ အင်အားကြီး လက်နက်ကိုင် အဖွဲ့ နှစ်ခု ဖြစ်သည့် ရှမ်းတောင် နှင့် မြောက် တပ်မတော် နှစ်ရပ် တို့သည် ပြည်သူ လူထုများ၏ ဆန္ဒ အရ ပေါင်းစည်း နိုင်ရန် အတွက် နှစ်ဖက် အကြား အခြေခံ ကျသည့် မူဝါဒ ရေးရာ များကို ညှိနှိုင်းလျက် ရှိကြောင်း နှစ်ဖက် ပြောရေး ဆိုခွင့် ရှိသူများ ဖြစ်ကြသည့် ရှမ်းမြောက် တပ်တော်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှနှင့် ရှမ်းတောင် တပ်မတော်မှ ဗိုလ်မှူး ဆိုင်းလောင်းစိုင် တို့က ပြောကြားသည်။
ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS/SSA) မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ဆိုင်းလောင်းစိုင် က “တူတာတွေ တွဲလုပ်တယ် ၊ မတူ တာတွေ ခွဲလုပ် ကြတယ် ၊ အရင်တုန်းက တစ်ဖွဲ့တည်း ဖြစ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်တဲ့ အထိ ရောက်အောင်တော့ တော်တော် အချိန်ယူ ရဦးမယ်” ဟု ဗိုလ်မှူး စိုင်းလောင်းဆိုင်က ပြောသည်။
ထို့အတူ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှကလည်း “အခုက ကျွှန်တော်တို့ သူတို့ (ရှမ်းတောင်) တပ်မတော် ဘက်က တာဝန် ရှိတဲ့ သူတွေနဲ့ ကျွှန်တော်တို့ ဖက်က တွေ့ပြီးတော့ အခု လောလော ဆယ်တော့ သူတို့ ပေါ်လစီတွေ ပြီးတော့ ကျွှန်တော်တို့ ပေါ်လစီ ကွာဟ ချက်တွေ ပြန်ညှိနှိုင်း နေတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှက အတည်ပြု ပြောကြားသည်။
ထိုသို့ ရှမ်းတပ်မတော် နှစ်ရပ် တစ်ခုတည်း ဖြစ်ရေး ပေါင်းစည်း နိုင်ရန် အတွက် ပြီးခဲ့သည့် ဧပြီလ (၉) ရက်နေ့တွင် ရှမ်းပြည်သူ လူထု များနှင့် သံဃာတော် များက သက်ဆိုင်ရာ တပ်မတော် နှစ်ရပ် ဆီသို့ တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်ခင် ကာလ များ၌လည်း ရှမ်းညီညွတ်ရေး အင်အားစု များမှ ပေါင်းစည်း နိုင်ရေး ဖိအားပေး ညှိနှိုင်း မှုများ ရှိခဲ့ကြောင်း RCSS/SSA မှ ဗိုလ်မှူး ဆိုင်းလောင်းစိုင်က ဆိုပါသည်။
လက်ရှိ၌ ညှိနှိုင်း ရရှိပြီး ဖြစ်သည့် သဘော တူညီ ချက်များကို ပူးတွဲ အကောင်အထည် ဖော်ခြင်းနှင့် မတူညီ သေးသည့် ညှိနှိုင်း ချက်များကို ဆက်လက် ညှိနှိုင်း နေကြဆဲ ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်းဆိုင်က ဆိုပါသည်။
ရှမ်းတောင်နှင့် ရှမ်းမြောက် တပ်တော် နှစ်ရပ် တို့သည် ယခင်နှစ်ဖွဲ့ ကွဲနေစဉ်၌ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား တိုက်ခိုက်မှု ရှိခဲ့သည် အထိ ဖြစ်ခဲ့ကြသည်ဟု ဗိုလ်မှူး ဆိုင်းလောင်းစိုင်က ပြောသည်။ သို့သော်လည်း လက်ရှိ အနေအ ထား၌မူ အမျိုးသား စည်းလုံး ညီညွှတ်ရေး အတွက် ပြည်သူများ အပါအဝင် အောက်ခြေ တပ်မှူး အဆင့်များကလည်း ပူးပေါင်းရန် လိုလားလျက် ရှိကြောင်း ဗိုလ်မှူး စိုင်းလောင်းစိုင်က ဆိုပါသည်။
သို့သော်လည်း တစ်မတော်နှစ်ခု တစ်ခုတည်း ဖြစ်ရေး အတွက်မူ အချိန် ယူရဦးမည် ဖြစ်ကာ မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်းကိုမူ မခန့်မှန်း နိုင်သေးကြောင်း နှစ်ဖက် ပြောရေး ဆိုခွင့် ရှိသူ များက ဆိုကြပါသည်။
ရှမ်းပြည် တပ်တော်အား ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်၏ မဟာဒေဝီ စဝ်မယ့် နန်းဟိန်းခမ်းမှ ဦးစီး ဦးဆောင် ပြုကာ တည်ထောင် ခဲ့သည်။
စတင် ဖွဲ့စည်း စဉ်၌ ရှမ်းပြည် လွတ်လပ်ရေး တပ်မတော် (SSIA), ညီညွတ်သော ရှမ်းအမျိုးသား တပ်ပေါင်းစု (SNUF), ကိုးကန့် တော်လှန်ရေး တပ်မတော် (KRF), ရှမ်းပြည် ညီညွတ်ရေး တပ်မတော် (SUA) တို့ ပါဝင် ခဲ့သည်။ ခေါင်းဆောင်များ အဖြစ် ထိုစဉ်က စဝ်ကွဏ်းဇိဏ်း (SNUF), လုံးခွန်မဟာ (SSIA), ကျင်မီယန်း (KRF), ခွန်ဆာ (SUA) တို့မှ ဦးဆောင် ပါဝင်၍ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ရှမ်းပြည် တပ်မတော် အတွင်း ကွန်မြူနစ် ဝါဒကို ထောက်ခံသည့် အုပ်စုနှင့် ဆန့်ကျင်သည့် အုပ်စု ဟူ၍ နှစ်ခြမ်း ကွဲရကာ ထောက်ခံသည့် အုပ်စုမှ လက်ရှိ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်၏ ခေါင်းဆောင် ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ပန်ဖှ မှ SSPP/SSA ကို တည်ထောင် ခဲ့သည်။ လက်မခံသည့် အဖွဲ့ကမှ SURA အဖွဲ့အား တည်ထောင် ခဲ့သည်။
ထို့ နောက်တွင် SURA နှင့် ရှမ်းပြည် ညီညွတ်ရေး တပ်မတော် (SUA) တို့ တစ်ဖန် ပြည်လည် ပေါင်းစည်းကာ မုန်တိုင်း အာမီ (MTA) အဖြစ်သို့ ၁၉၈၅ ခုနှစ် ဧပြီ လတွင် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ထိုမှ ဆက်၌ ၁၉၉၆ ခုနှစ် ဇန်နဝါရီ လ၌ ခွန်ဆာ ဦးဆောင်သည့် (MTA) အဖွဲ့မှ နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံဖြိုးရေး ကောင်စီ ထံ၌ လက်နက် ချသည်ကို လက်မခံသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် ၎င်းအား ထောက်ခံသည့် အင်အား (၁၀၀၀) ခန့်တို့က RCSS/SSA အား ပြန်လည် စုဖွဲ့ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည် တပ်မတော်အား စတင် ဖွဲ့စည်းစဉ် ပါဝင် ခဲ့သူ များအနက် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တစ်ဦးသာ ယနေ့ အထိ သက်ရှိ ထင်ရှား ကျန်ရစ်လျက် ရှိသည်။
သမိုင်း တစ်လျှောက် ကွဲပြားလျက်ရှိနေသေးသည့် ရှမ်းလက်နက်ကိုင် တပ်မတော် များအား ပေါင်းစည်း နိုင်ရန် အတွက် ခေါင်းဆောင်ကြီးများ အဆက်ဆက်မှ ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့သေးပေ။