အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်

အချုပ်သားကိုရိုက်သည့် ဒုရဲအုပ် ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၂ ဦးကို လူသတ်မှုဖြင့် ထောင်၁၀နှစ် ချမှတ်
by -
မဇ္စျိမ

 ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ နှစ်ဦးနှင့် ရဲတပ်သား ၂ ဦးတို့ကို တောင်ငူခရိုင် တရားရုံး (၁)က ဧပြီ ၂၅ရက်တွင် လူသတ်မှုထင်ရှားခဲ့သဖြင့်  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက် သည်ဟု အသတ်ခံရသည့် လူငယ်၏ အစ်မဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္စျိမသို့ ပြောသည်။

၎င်းတို့ ၄ ဦးမှာ လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ခရိုင်တရားသူကြီး မောင်မောင်အေးက အထက်ပါ အတိုင်း အမိန့်ချမှတ်ခဲ့သည်ဟု ဆိုသည်။

“ သားတစ်ယောက်ဆုံးရှုံးပြီး အစားထိုးလို့မရလို့ မကျေနပ်ပေမယ့်လည်း နိုင်ငံတော်တရားဥပဒေက ထိုက်သင့် တဲ့ ပြစ်ဒဏ်ပေးတဲ့ အတွက် ကျေနပ်ပါတယ်” ဟု အသတ်ခံခဲ့ရသူ၏ မိခင် ဒေါ်သန်းကျင်က ဆိုသည်။

အဆိုပါ အမှုမှာ ဖြူးမြို့နယ်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လောကနတ် စားသောက်ဆိုင်မှ အရက်သောက် ပြီး ဆိုက်ကားဖြင့် ပြန်လာသည့် မောင်လင်းလင်ထက် (၂၄)နှစ်ကို ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် မချေမငံပြောဆိုသည်ဟု ဆိုကာ လက်ထိပ်ခက်၍ ရဲစခန်းတွင်းသို့ ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဒုရဲအုပ် သူရိန်ဆန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ရာထူး တစ်ဆင့် လျော့ချပြီး၊ တပ်ကြပ်ကြီး အုန်းလွင်နှင့် တပ်သား မင်းကိုလတ်တို့ကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခြင်းဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ကနဦး အရေးယူမှု ပြုလုပ် ခဲ့သည်။

ထို့နောက် အရပ်ဘက်ဥပဒေဖြင့်ပါ တရားစွဲဆိုပြီး တစ်နှစ်ခွဲအကျော်အကြာ ရုံးချိန်းပေါင်း ၄၆ ချိန်းအပြီးတွင် အထက်ပါအတိုင်း အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးက ဒုရဲအုပ် သူရိန်ဆန်းကို ပုဒ်မ ၃၀၂(၂) ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်၊ ဒုရဲအုပ် ဝင်းတင့်ကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် တပ်ကြပ်ကြီး အုန်းလွင်နှင့်တပ်သား မင်းကိုလတ် တို့အား ပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီးတွင် ခိုးမှုဖြင့် သံသယရှိ ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦး လက်ထိပ်နောက်ပြန် ခတ်လျက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ ရှေ့မှာပင် မြစ်တွင်းသို့ ခုန်ချသေဆုံးခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကလည်း လူသတ်မှုဖြင့် သံသယရှိ ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရမှု များကြောင့် သေဆုံးခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဥပဒေလိုက်နာမှု မရှိခဲ့ဟု ဝေဖန်းမှုများ လည်း ရှိခဲ့သည်။

Most read this week