ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက်က ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသည့် ၄၈ လမ်းဗလီ မီးလောင်မှု အတွက် ဗလီဆရာ နှစ်ဦးကို ထောင်ဒဏ်ရှစ်နှစ်စီ ကျခံစေရန် ဗိုလ်တထောင်မြို့နယ် တရားရုံးက တရားသူကြီး ဦးဝင်းဖေခိုင်က ဧပြီ ၂၄ ရက်တွင် အမိန့်ချမှတ်လိုက်သည်။
ဗလီဆရာများဖြစ်သော ဦးဇေယျာဖြိုး နှင့် ဦးခင်မောင်အေးတို့ကို မီးပေါ့ဆမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ (ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် လူသေမှုပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒဏ် ခြောက်နှစ်တို့ကို သီးခြားစီကျခံစေရန် တရားရုံးစီရင်ချက်တွင် ပါ၀င်သည်။
အဆိုပါ အမှုအတွက် သေဆုံးသွားသော ကလေးငယ်များ၏ မိသားစုဝင်များက အရေးယူစေလိုခြင်း မရှိဘဲ အမှုအား ကျေအေးစေလိုကြောင်းကို လက်မှတ်ထိုး၍ တရား စတင်ရင်ဆိုင်ကတည်းက တင်ပြခဲ့ခြင်းနှင့် သေစေလိုသော သဘောမပါရှိဘဲ မီးအားမြှင့်စက်မှ မီးလောင်ကျွမ်းရသည့်အတွက် တရားသူကြီးအနေ ဖြင့် ယခုထက် ပို၍ ပြစ်ဒဏ်ကို သက်ညှာစွာ ချမှတ်ပေးသင့်သည်ဟု ထောင်ဒဏ်ကျခံခဲ့ရသူများ၏ အကျိုး ဆောင်ရှေ့နေဖြစ်သူ ဦးအုန်းမောင်က မဇ္ဈိမကို ပြောသည်။
“ကလေးမိဘတွေကနေ ကျေအေးအောင် စာတင်တာကို အထက်ကနေ ကန့်ကွက်ချက်မရှိတဲ့ စာရပြီးမှ ဥပဒေရုံးကနေ ပြန်သိမ်းသွားတယ်လို့ ကျွန်တော်တို့ ကြားထားတယ်။ အမိန့်ကို မကျေနပ်တာမျိုး မဟုတ် ပေမယ့် ဒီထက် ပိုပြီး သက်ညှာသင့်ပါတယ်။ အယူခံဝင်မှာပါ” ဟု ဆိုသည်။
အဆိုပါ မီးလောင်မှုသည် ၂၀၁၃ ခုနှစ် ဧပြီလ ၂ ရက်၊ နံနက် ၃ နာရီကျော်က ဗိုလ်တထောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်းရှိ ဆွာစီတီးယာဗလီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းမီးလောင်မှုသည် ဗလီ ထပ်ခိုး ပေါ်သို့ တက်သော လှေကားအောက်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဗလီ အတွင်း အိပ်ပျော်နေသော စာသင်သားယောကျ်ားကလေး ၁၃ ဦး သေဆုံးခဲ့ရကာ ပစ္စည်းတန်ဖိုး ကျပ် ၈၅၀,၀၀၀ ဖိုး ဆုံးရူံးခဲ့သည်။
ဗလီတံခါးကိုအပြင်မှ သော့ခတ်ထားခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက တံခါးကို ဖျက်၍ ၀င်ရောက်ခဲ့ပြီး ကလေးများသည် မီးခိုးမွှန်ခြင်း၊ မီးလောင်ကျွမ်းခံရခြင်းများဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု တရားလိုများက ထွက်ဆိုခဲ့ကြသည်။
ထို့ကြောင့် ဗလီဆရာနှစ်ဦးဖြစ်သူ ကိုဇေယျာဖြိုးနှင့် ကိုခင်မောင်အေးတို့ကို ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်က အမှုဖွင့်တိုင်ကြားခဲ့၍ ဥပဒေပုဒ်မ ၂၈၅(ခ)၊ ၃၀၄(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှုရင်ဆိုင်နေစဉ်တစ်လျှောက် မီး စတင်လောင်ကျွမ်းခဲ့သော စတိုခန်းထဲတွင် မီးအားမြှင့်စက်၊ ကျောင်းသားများ ၀တ်ပြုရာတွင် ၀တ်ဆင်သော အပေါ်အကျႌများနှင့် ဒီဇယ်ပုံးများရှိနေကြောင်း တရားလိုများက ထွက်ဆိုကြကာ တရားခံနှစ်ဦးကလည်း ဗလီတွင်းရှိ ပစ္စည်းများသည် ၎င်းတို့ ပိုင်ဆိုင်ခြင်း မဟုတ်ဘဲ ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပေးရန် ကြိုးစားခဲ့ခြင်းကြောင့် ၎င်းတို့တွင် အပြစ်မရှိကြောင်း ခုခံကာကွယ် ပြောဆိုခဲ့ကြသည်ဟု စီရင်ချက် မှတ်တမ်းတွင် ပါရှိသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သောနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးမြင့်ဆွေက ဗလီဆရာနှစ်ဦးသည် တာဝန်အရှိဆုံးဖြစ်သည်ဟု ပြောခဲ့သည်။
အမှုကို အမိန့်ချခဲ့သော ဗိုလ်တထောင် မြို့နယ်တရားရုံး တရားသူကြီး ဦးဝင်းဖေခိုင်ကလည်း တရားခံများအနေဖြင့် ၎င်းတို့ ခံစားရပိုင်ခွင့်ဖြစ်သော အယူခံဝင်ခြင်းကို ခရိုင်တရားရုံးတွင် လုပ်ပိုင်ခွင့် ကျန်ရှိသေး ကြောင်း မီဒီယာများကို ပြောခဲ့သည်။