မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ခရိုင်များအတွင်း မြေမြှုပ်မိုင်း ရှိ၊ မရှိ ပမာဏနည်းပညာ အကူအညီ မပါဘဲ အချက်အလက် အခြေပြုဆန်းစစ်မှု (Non-Technical Survey) များ ပြုလုပ်သည့် အစီအစဉ်ကို Norwegian People Aid (NPA) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာ ဗိုန်ခိုင်က ပြောသည်။
“ကျွန်တော်တို့ ထိန်းချုပ်ဒေသဖြစ်တဲ့ ထားဝယ်ခရိုင်ကတော့ ပြီးသွားပြီ၊ မြေမြှုပ် မိုင်းမရှိဘူးလို့ ဆိုရမယ်။ အခု အဲဒီအဖွဲ့တွေက မော်လမြိုင်ခရိုင်မှာ ဆက်ပြီး ဆန်းစစ်မှု လုပ်နေတယ်၊ ပြီးရင် သထုံခရိုင်ကို ဆက် သွားမယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။
ကွင်းဆင်းလေ့လာမှု ပြုလုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း NPA မှ မြေမြှုပ်မိုင်း တည်ရှိခြင်းဆိုင်ရာ အချက်အလက်များ ဆန်းစစ်ပြုစုနိုင်ရေးအတွက် လိုအပ်သည့် သင်တန်းများကို ပြု လုပ်ခဲ့ပြီး ဖြစ်သည်။
သင်တန်းအပြီး၌ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး ပါ၀င်သည့် ကွင်းဆင်းအချက်အလက် ကောက်ယူရေး အဖွဲ့ ဖွဲ့ကာ ၎င်းအဖွဲ့အား ကမ္ဘောဒီးယားလူမျိုး မြေမြှုပ်မိုင်း ရှင်းလင်းရေး ကျွမ်းကျင်သူ မစ္စတာဇောင်းဟားက ကွပ်ကဲ၍ အချက်အလက်များ စတင်ကောက်ယူခဲ့ခြင်း ဖြစ်သည်။
မြေမြှုပ်မိုင်းရှင်းလင်းပြီးနောက် အဆိုပါမြေယာများကို ပြည်သူများအားပြန်လည် ခွဲဝေပေးမည့် မိုင်းရှင်းလင်း ရေး (Humanitarian Mine Action) ကိုသာ NPA အဖွဲ့မှ လုပ်ဆောင်သွားမည်ကြောင်း မွန်ပြည်သစ် ပါ တီ တာဝန်ရှိသူက ပြောကြားသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားသည့် အဖွဲ့များအနက် မွန်ပြည်သစ်ပါတီ အဖွဲ့သည် ပထမဆုံး မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ခဲ့သည့်အဖွဲ့ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ သမိုင်း တစ်လျှောက်၌လည်း နိုင်ငံတကာ မြေမြှုပ်မိုင်းရှင်းလင်းရေး အဖွဲ့နှင့် ပူးပေါင်း၌ မြေမြှုပ် မိုင်းရှင်းလင်းရန် လုပ်ဆောင်နေသည့် ပထမဆုံး အဖွဲ့ဖြစ်ကြောင်း NPA မှ မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း စဉ်၌ တာဝန်ရှိပုဂ္ဂိုလ် မစ္စစ်အာဆာမှ မော်လမြိုင်မြို့၌ သင်တန်းပြုလုပ်စဉ်၌ ပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင်းရှိ ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာ ရှစ်ရွာတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မကုန်ခင်ကပင် NPA အဖွဲ့မှ ကွင်းဆင်းလေ့လာခဲ့ပြီး ဖြစ်၍ မြေမြှုပ်မိုင်းကင်းရှင်းပြီး ဖြစ်သည်ဟု ဆို သည်။
ထို့ပြင် ယခုနှစ်ဆန်းမှစ၍ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်များရှိ ကျေးရွာပေါင်း ၁၇ ရွာသို့ မြေမြှုပ်မိုင်း ရှိမရှိ ဆက်လက် ဆန်းစစ်မှုများပြုလုပ်နေပြီး မော်လမြိုင်ခရိုင်မှာ ပြီးစီးခါနီးရှိပြီဖြစ်ကာ ထိုမှဆက်၍ သထုံခရိုင် သို့ ဆက်လက် ဆန်းစစ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ဆိုသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသများအတွင်း မြေမြှုပ်မိုင်းရှိမရှိ ဆန်းစစ်မှုပြုရန် အစိုးရနှင့် ၂၀၁၃ ခုနှစ်တည်း ကပင် သဘောတူညီ ထားခဲ့ပြီး ဖြစ်သည်။