မြန်မာတပ်မတော်နှင့် ကချင်ပြည်နယ် လွတ်မြောက်ရေးတပ် (KIA) တို့ကြား ဧပြီလ ၁၀ ရက်က ပြန် လည်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည်များကို လက်ခံထားသော မန်ဝိန်းကြီးရှိ ဘုရား ရှိခိုး ကျောင်း နှစ်ကျောင်းတွင် ဒုက္ခသည်ဦးရေ တိုးလာလျက်ရှိပြီး ၎င်းတို့ကို ပြန်လည် နေရာချထားရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေ ကြောင်း တာဝန်ရှိသူများကပြောသည်။
“အရင်က စခန်းမှာ လူဦးရေ ၁,၉၇၂ ယောက်ရှိတယ်။ ခုနောက်ပိုင်း ၈၅၄ ယောက် ထပ်တိုးလာတယ်။ ခုလောလော ဆယ်တိုးလာတဲ့ လူတွေကို စာသင်တဲ့ ကလေးတွေအတွက် ဆောက်ထားတဲ့ ဘော်ဒါ ဆောင်တို့ အခန်းတို့မှာထားရတယ်။ သူတို့ကို ဘယ်လိုနည်းနဲ့ ပြန်လည်နေရာချ ထားပေးရမလဲဆိုတာ ခုချိန်ထိ မသေချာသေးဘူး။ စစ်ကလဲ ဆက်ဖြစ်နေသေးတယ်” ဟု မန်ဝိန်းကြီးရှိ ကက်သလစ် ဘုရားရှိခိုး ကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးနော်အောင် ကပြောသည်။
ထို့ပြင် မေလ ၁၅ ရက်တွင် ကျောင်းသားစာရင်းများ ကောက်ယူပြီး ကျောင်းဖွင့်ရာသီအမီ ပြင်ဆင်ရမည် ဖြစ်သဖြင့် နေရာ ပြန်လည်ချထားရေးမှာ အဓိကဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်းလည်း ၎င်းကပြော သည်။
စခန်းနှစ်ခုတွင်း ကျောင်းသားဦးရေမှာ လွန်ခဲ့သည့်နှစ်က စာရင်းများအရ ရ၀၀ ခန့်ရှိသည်။
“ကရုဏာမြန်မာက စားနပ်ရိက်္ခာ ထောက်ပံ့ပေးတယ်။ လောလောဆယ်တော့ စားနပ်ရိက္ခာအတွက် ကြီးမားတဲ့အခက် အခဲမရှိသေးဘူး။ စုပေါင်းပြီး ချက်စားနေရ တယ်။ ၀မ်းပျက်ဝမ်းလျှောတော့ နည်းနည်း ဖြစ်တယ်။ ရာသီဥတုက နေ့လယ်အရမ်းပူပြီး ညဘက်အရမ်းအေးတော့ နည်းနည်း စိုးရိမ်ရတယ်”ဟု ဦးနော်အောင်က ပြောသည်။
ထိုဒေသအတွင်းရှိ စခန်းများကို ထောက်ပံ့ပေးနေသော ကရုဏာမြန်မာ (KMSS)၊ ဗန်းမော်ရုံးခွဲမှ စီမံကိန်း ညှိနှိုင်း ရေးမှူး ဦးနော်ဒင်က “အရင်က မန်ဝိန်းကြီးမှာရှိတဲ့ စခန်းနှစ်ခု (ကက်သလစ် ဘုရားရှိခိုင်းကျောင်းနဲ့ ဘက်တစ် ဘုရား ရှိခိုးကျောင်း)မှာ လူဦးရေက ၂,၅၀၀ ကျော် ပဲရှိတာ။ ခုနောက်ပိုင်း ၂,၀၀၀ လောက် ထပ်တိုးလာတယ်။ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ စီစဉ်နေရတုန်းပဲ”ဟု ပြောသည်။
ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးဝါးမလုံလောက်သည့် ပြဿနာများရှိနေသည်။ စခန်းများအတွက် အဓိက လိုအပ်ချက်များ ကို ဒေသခံအဖွဲ့အစည်းများက အဓိက ပံ့ပိုးပေးလျက်ရှိသည်။ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ကြားတွင်ရှိသော ကျေးရွာများ ကို အကျိုးသက်ရောက်မှုများရှိ စေခဲ့သည်။ နယ်စပ်အနီး ဒုက္ခသည်များ နေထိုင်ရာ စခန်းလေးခုဖြစ်သော မန်ဝိန်း ကြီးရွာရှိ ကက်သလစ်ဘုရားကျောင်း၊ ဘက်တစ်ဘုရားကျောင်း၊ လကပ်ရောင်၊ ခါခွပ်စွပ်အနီး တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တစ်ခု တွင်ဖော်ပြထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်ကို ကချင်ဒေသတွင် ကူညီပေးမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းများ ဖြစ်သော ကရုဏာမြန်မာ၊ ရှလုံ (ငြိမ်းဖောင် ဒေးရှင်း)၊ ကချင်အမျိုးသမီးများအဖွဲ့၊ လူထု အတွက်အလင်း (၀မ်ပေါင်နင်ထွဲလ်) စသည့် အဖွဲ့အစည်းများမှ ဧပြီ ၁၄ ရက် တွင် စုပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။