သျှမ်းပြည်တပ်မတော် တပ်ဖွဲ့တည်း နှင့် သျှမ်းပါတီ တစ်ပါတီတည်း ဖြစ်စေရန် ပြည်တွင်း ပြည်ပ သျှမ်းသံဃာတော်နှင့် လူထုတို့က လက်မှတ် ရေးထိုး တောင်းဆို ကြကြောင်း သိရှိရသည်။
ပြည်တွင်းပြည်ပ သျှမ်းသံဃာတော် အပါး ၃၆၀၀ ကျော်နှင့် သျှမ်းပြည်တွင်း မြို့နယ် ၅၂ မြို့နယ်မှ ကိုယ်စားလှယ်များ၊ ပြည်သူလူထုတို့မှ အချက် ၄ ချက်ကို ဧပြီလ ၉ ရက် နေ့စွဲဖြင့် လက်မှတ်ရေး ထိုးကာ သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ပေးပို့တောင်းဆိုခဲ့ကြသည်။
၁ − သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ ပူးပေါင်းကာ သျှမ်းပြည်တပ်မတော် တစ်ဖွဲ့တည်းသာ ထားရှိရန်။
၂ − သျှမ်းပါတီ SNLD နှင့် SNDP တို့ ပူးပေါင်းကာ သျှမ်းပြည်တွင်း သျှမ်းနိုင်ငံရေးပါတီ တစ်ပါတီ တည်းသာ ထားရှိရန်။
၃ − ရည်မှန်းချက်၊ ပန်းတိုင် တစ်ခုတည်းသာ ထားရှိရန်။
၄ − သျှမ်းပြည်အတွက် ဥပဒေတစ်ခုတည်းသာ ထားရှိရန် − တို့ဖြစ်သည်။
ပြည်သူများဆင်းရဲဒုက္ခတွင်းမှ ရုန်းထွက်နိုင်စေရန်နှင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်စေရန် တိုင်းပြည်နှင့်လူမျိုး အပေါ် အမှန်တကယ် ချစ်မြတ်နိုးပါက သမိုင်းကြောင်းကို သင်ခန်းစာယူကာ သျှမ်းပြည်ရှိ တိုင်းရင်းသားအား လုံးအတွက် မကြောက်မရွံ့ဘဲ ပူးပေါင်းကြရန် ရေးသားပါရှိသည်။
ယခုအချိန်တွင် သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့၊ သျှမ်းပါတီ ၂ ပါတီရှိနေသည့်အတွက် ဘယ်တပ်၊ ဘယ်ပါတီကို အားပေး ထောက်ခံရမည်၊ ဘယ်တပ်၊ ဘယ်ပါတီ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းရမည်ကို ပြည်သူများ တွေဝေနေ ကြကြောင်း၊ ထို့ကြောင့် စည်းလုံးရေး၌ မပါဝင်သော ဘယ်တပ်ဖွဲ့၊ ဘယ် ပါတီကိုမဆို သံဃာတော်နှင့် ပြည်သူတို့ အားပေးထောက်ခံမည် မဟုတ်ကြောင်း ဆို၏။
RCSS/SSA အနေဖြင့် သံဃာတော်နှင့်ပြည်သူ၏အသံကို နားစွင့်၍ လှုပ်ရှားမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ဖွဲ့စည်းလာသော သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (CSSU) သည် စည်းလုံးရေး အတွက် လမ်းစဖြစ်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌဒု−ဗိုလ်ချုပ်ကြီးယွက်စစ်က ဧပြီလ ၂၀ ရက် နေ့စွဲဖြင့် ပြန်လည်အကြောင်းကြားခဲ့သည်။
တော်လှန်ရေးခရီးစဉ် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ပြည်သူအား ဆင်းရဲဒုက္ခတွင်းမှ မကယ်ထုတ်နိုင် ခြင်းသည် စည်းလုံးမှု မရှိသည့်အတွက်ဖြစ်ကြောင်း၊ စည်းလုံးရေးကို အကြိမ်ကြိမ် ဖော်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆို၏။
“သျှမ်းပြည်ညီညွှတ်ရေးကော်မတီ CSSU ထဲမှာ RCSS/SSA ၊ SSPP/SSA ၊ SNLD ၊ SNDP ၊ Shan CBOs ၊ သျှမ်းလူငယ်အဖွဲ့နဲ့ သျှမ်းလူမှုရေးအဖွဲ့တို့ ပါဝင်တယ်။ ဒါကြောင့် CSSU ဟာ စည်းလုံးရေး အတွက် နေရာလို့ ယုံကြည်တယ်။ တကယ်လို့ သံဃာတော်တွေ၊ ပြည်သူတွေ ပါဝင်ပူးပေါင်းလုပ် ဆောင်မယ်ဆိုရင် သျှမ်းလူမျိုးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး အေးချမ်းတဲ့တိုင်းပြည်ကို တည် ဆောက်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ဆိုပါသည်။
တော်လှန်ရေးသမားများ အမျိုးသားရေးအတွက် မလှုပ်ရှားဘဲ ကိုယ်ရေးကိုယ်တာအတွက် ကိုယ်စီလှုပ်ရှား နေကြသည်ကို ပြည်သူများမှ စိုးရိမ်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံရေးအပေါ် စိတ်ဝင်စားနာလည်လာပြီဟု သိရှိရသည့်အတွက် ဝမ်းမြောက်ကြောင်း စဝ်ယွက်စစ် က ပြောဆိုလိုက်ပါသည်။