ရခိုင်ညီလာခံကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးရေးအတွက် အထောက်အကူပြုသောညီလာခံ ဖြစ်စေလိုဟု ရွှေညဝါ ဆရာတော်မိန့်ကြား

ရခိုင်ညီလာခံကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးရေးအတွက် အထောက်အကူပြုသောညီလာခံ ဖြစ်စေလိုဟု ရွှေညဝါ ဆရာတော်မိန့်ကြား
by -
နိရဥ္စရာ

ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ (၅) ရက်တိုင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံအား အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်မူပေါ်ပေါက်ရေးတို့အတွက်  အထောက်အကူပြုသော ညီလာခံကြီး ဖြစ်စေလိုသည်ဟု မြန်မာနိုင်ငံမှ အထင်ကရ ဆရာတော် တစ်ပါး ဖြစ်သော ရွှေညဝါ ဆရာတော်က မိန့်ကြားသည်။

ရွှေညဝါ ဆရာတော်မှ ရခိုင်အမျိုးသားညီလာခံသို့ ကျပ်ငွေ (၁၀) သိန်းလှူဒါန်းပြီးနောက် နိရဥ္စရာမှ ဆက်သွယ် မေး မြန်းစဉ် ထိုသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်မှ ငွေ (၁၀) သိန်း လွဲပြောင်း လှူဒါန်းနေစဉ်။ (ဓါတ်ပုံ- ကိုရဲမင်းဦး)

“ ဘုန်းကြီးပြောနေကျအတိုင်းဘဲ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ မြန်မာ၊ ရခိုင်တွေက ပြည်ထောင်စု သားတွေ ချည်းဘဲ။ အဲဒါ ကျယ်ပြန့်တဲ့ အမြင်နဲ့ ကြည့်ပြီးတော့ ဒို့အမျိုးတွေချည်းဘဲ။ အမျိုးချင်း အမျိုးချင်းဆိုတာက တစ်ဦးကို တစ်ဦး စောင့်ရှောက်မူ ရှိရမယ်။ ရိုင်းပင်းမူ ရှိရမယ်။ ကူညီမူ ရှိရမယ်။ ဒါကြောင့် ဒီညီလာခံကြီးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အတွက် အထောက်အကူပြု သောညီလာခံကြီး ဖြစ်စေလိုပါတယ် ” ဟု ဆရာတော်က ဆိုသည်။

ဆရာတော်အနေဖြင့် အလုပ်မအားလပ်သဖြင့် ကျောက်ဖြူတွင် ကျင်းပမည့် အမျိုးသားညီလာခံကိုမူတက်ရောက် နိုင် မည်မဟုတ်သော်လည်း သဝဏ်လွှာ ပေးပို့သွားမည်ဟု ဆက်ဆိုသည်။

“ဆရာတော်က ညီလာခံကို သွားဖို့ ရည်ရွယ်ချက်တော့ ရှိတယ်။ ဒါပေမယ့် တရားပွဲနဲ့ တိုက်ဆိုင်နေတဲ့ အတွက် ဂတ်ိဖျက်ပြီးသွားတဲ့ ဘုန်းကြီး မဟုတ်တာကြောင့် ညီလာခံကိုတော့ ကြွနိုင်မှာတော့ မဟုတ်ဘူး တကာကြီး။ ဒါပေမယ့် သဝဏ်လွှာတော့ ပို့ပေးသွားမှာ ဖြစ်ပါတယ်။”

သဝဏ်လွှာထဲတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်  တိုင်းရင်းသားစည်းလုံးညီညွှတ်မူပေါ်ပေါက်ရေး အတွက်  အထောက်အကူပြုသော ညီလာခံ ဖြစ်အောင်ကြိုးစားကြရန် လိုအပ်ကြောင် ထည့်သွင်းဖေါ်ပြ သွားမည်သာမက ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြရသော တိုင်းရင်းသားများမှာ အမျိုးတွေချည်း ဖြစ်သဖြင့် တစ်ဦးကို တစ်ဦး စောင့်ရှောက်ကြရန်ကိုလည်း ထည့်သွင်း မှာကြားသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

ငွေလှူဒါန်းရသည့် ရည်ရွယ်ချက်ကိုလည်း ရွှေညဝါ ဆရာတော်မှ ယခုလို မိန့်ကြားသည်။

“ ရခိုင်အမျိုးသားညီလာခံကြီးကို အားပေးထောက်ခံတဲ့ အနေနဲ့ ချီးမြှင့်တဲ့ သဘောအနေနဲ့ ကူညီ လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။

Most read this week