ကချင်ဘက်မှ စစ်ဘေးရှောင် ရ၀၀၀ ကျော် နမ့်ခမ်းမြို့ သို့ရောက်ရှိ

ကချင်ဘက်မှ စစ်ဘေးရှောင် ရ၀၀၀ ကျော် နမ့်ခမ်းမြို့ သို့ရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည် နယ်စပ်ဘက် ပြင်းထန်လာသော တိုက်ပွဲကြောင့် ဒေသတွင်းမှ စစ်ပြေး ရှောင်လူထု ရ၀၀၀ ထက်မနည်း သျှမ်းမြောက် နမ့်ခမ်းမြို့သို့  ရောက်ရှိ လာကြောင်း စုံစမ်းသိရှိရ သည်။

အဆိုပါစစ်ပြေးရှောင်များအား မူစယ်အခြေစိုက် UNHCR အဖွဲ့ နှင့် ဒေသတွင်း ခရစ်ယာန်ဘာသာ ဝင်များက ဦးဆောင်ကာ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ စစ်ပြေးရှောင် ၂၀၀၀ ဦးကို ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာအုပ်စုတွင် ထားရှိပြီး ၅၀၀၀ ဦးကို  မူစယ်နှင့် နမ့်ခမ်းမြို့တို့တွင် ခေတ္တ ထားရှိ ကြောင်း စစ်ပြေးရှောင်ကူညီရေးအဖွဲ့မှ လူငယ်တစ်ဦးကဆိုသည်။

နမ့်ခမ်းမြို့ရောက်စစ်ပြေးဒုက္ခသည်များ

“စစ်ပြေးဒုက္ခသည် တော်တော်များများက ကချင်လူမျိုးပဲ ၊  ပန်ခမ်းတံတားနား က ဒုက္ခသည် စခန်း မှာနေတဲ့ လူတွေပေါ့။  ဟိုဘက် တိုက်ပွဲ ပြင်းထန်နေတော့ ဒီဘက်ကို ပြောင်းရွှေ့ပေးလာတဲ့သဘောပါ၊ ခုလောလောဆယ်တော့ အောင်မေတ္တာရပ်ကွက် မှာရှိတဲ့ ကျော် (မူကြိုကျောင်းဝန်း) နဲ့ ကက်သလစ် ဘုရားရှိခိုး ကျောင်းမှာ အဆင်ပြေနေသလိုထားပေးတယ် ” ဟု ၄င်းက ပြောသည်။

တရုတ်ပြည်ဘက်ခြမ်းရှိ နမ့်လောဝ်၊ ဆောင်း ညောင်ပန်နှင့် နောင်တောဝ်  ဘုန်းကြီးများတွင် ရောက်ရှိ နေ သော ဒုက္ခသည်များမှာ တရုတ်အာဏာပိုင်များက အစားအသောက် ကူညီထောက်ပံ့ခြင်းမရှိသဖြင့် နမ့်ခမ်းဘက်ရှိ မန့်ဟောင်းလုံဘက် သို့ပြန်လည်ရောက်ရှိလာကြကြောင်း၊  နမ့်ခမ်းမြို့ရှိ နောင်မ ကျေး ရွာ ဘုန်းကြီးကျောင်း တို့တွင်လည်း ခိုလှုံနေကြကြောင်း၊ ကွက်သစ်ဘက်တွင် ရောက်ရှိနေသော ဒုက္ခသည်များကိုလည်း နမ့်ခမ်းမြို့ရှိအာဏာပိုင်များက ကောင်းလိန်ပျံ (လေယာဉ်ကွင်း) သို့ ပြောင်း ရွှေ့ရန် စီစဉ်နေကြာင်း၊ သျှမ်းလူမျိုးစစ်ပြေးရှောင်လူ ဦးရေ  ၁၀၀၀ ကျော် ရှိကြောင်း  ဒုက္ခသည်များ ကူညီပေးရေး လူငယ် စိုင်းအိုက်ပီး ကဆို သည်။

“ ဟိုဘက်ကမ်းရောက်နေတဲ့ ဒုက္ခသည်တွေကို ကျနော်တို့ ဒီဘက် မြန်မာဘက်ခြမ်း နမ့်ခမ်းဘက်ကို  ခေါ်လာ ချင်တယ်။ ဘာလို့လဲဆိုတော့  တရုတ်ဘက်မှာ တရုတ်အာဏာပိုင်တွေက  နေရာဘဲ ပေးတယ်။ အစားအသောက် မပေးဘူး။    ဒီကိုရောက်လာရင်တော့ နမ့်ခမ်းဒေသခံတွေ အကူအညီ နဲ့ စစ်ပွဲပြီးတဲ့ အထိ ထားရှိ စောင့်ရှောက် သွားမယ်” - ဟု ၄င်းကဆိုသည်။

တဖက်တွင်လည်း ယနေ့ညနေပိုင်းက နမ့်ခမ်းမြို့ ကျားဖြူပါတီ  SNDP နှင့် ကျားခေါင်းပါတီ  SNLD မှအကြီးအကဲများစုပေါင်းကာ ကျော်(မူကြိုကျောင်းဝင်း)အတွင်းရောက်ရှိနေသော ဒုက္ခသည်များ အားသွားရောက် လည်ပတ်ကြည့်ရှုကာ ဒုက္ခသည်များ၏ လိုအပ်ချက်များကိုသွားရောက် မေးမြန်းခဲ့ ကြောင်း၊  ဒုက္ခသည်များအား  ကူညီပေးရေးအတွက်လည်း ယနေ့ညပိုင်းအထိ နမ့်ခမ်းမြို့နယ် အတွင်းကျေးရွာအုပ်စု  ၂၂ ခုမှ အကြီးအကဲများအား ခေါ်ဆောင်ကာ ဆွေးနွေးတိုင်ပင်နေကြောင်း ကျားခေါင်းပါတီမှ လူငယ်တဦးက ပြောပြသည်။

ကချင်ပြည်နယ်နှင့် သျှမ်းမြောက်နယ်စပ် တွင် အစိုးရစစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များ ယမန်နေ့ကတည်းက ယနေ့အထိ တိုက်ပွဲပိုပြင်းထန်လာသောကြောင့် ဒေသခံပြည်သူလူထုများ တစ်သောင်း နီးပါး အိမ်စွန့် ရွာစွန့်ကာ လွှတ်မြောက်ရာ ထွက်ပြေးတိမ်းရှောင် နေကြသဖြင့် ဒုက္ခသည်စခန်းများလည်း တိုးများလာနေဆဲဖြစ်ပါသည်။

Most read this week