ကချင်ပြည်နယ်၊ မန်စီမြို့နယ်တွင်း တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုကြောင့် မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းသို့ ထွက်ပြေးသူ ဒုက္ခသည် ၂၀၀၀ကျော် ရောက်ရှိလာပြီး လူဦးရေ ၁၀၀ ကျော်မှာ တရုတ်နယ်စပ်အတွင်း ပျောက်ဆုံးနေသည်ဟု ဂရုဏာကယ်ဆယ်ရေး အသင်းမှ ကယ်ဆယ်ရေး တာဝန်ခံ ဦးနော်ဒင့်က မဇ္စျိမကို ပြောသည်။
တိုက်ပွဲမှာ ဧပြီလ ၁၀ ရက်၊ မနက် ၈နာရီခန့်က မန်စီမြို့နယ်တွင်းရှိ လဂယန်ရွာအနီးတစ်ဝိုက်တွင် စတင်ဖြစ်ပွား ခဲ့သည်ဟု ဦးနော်ဒင့်က ပြောသည်။ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ မတ်လဆန်းပိုင်းအတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြံုရေးယူရန် ဟုဆိုကာ ရောက်ရှိလာသည့် တပ်မတော်၊ တပ်ခွဲများနှင့် ဖြစ်သည်ဟု ဂရုဏာ အသင်းတော် ဖာသာများက ဆိုသည်။
“ပစ်ခတ်နေတာ တစ်နေကုန်နီးပါးဖြစ်လာတော့ နီးနားက ရွာကလူတွေ အကုန်လုံး မန်ဝိုင်းကြီးကို ရွေ့လာကြ တယ်၊ ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ ထပ်ပစ်တယ်၊ အစကနေ ၈၀၀ ၀န်းကျင်ပဲ အခုတော့ ၂၃၀၀ ကျော် နေပြီ"ဟု ၎င်းက ပြောသည်။
ထွက်ပြေးတိမ်းရှောင်ရင်း တရုတ်ပိုင် နယ်စပ်တွင်းသို့ ရောက်ရှိသွားသူ ၁၀၀ ကျော်ရှိပြီး တရုတ်ပိုင်နက်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းနိုင်ရန် ကြိုးစားနေဆဲဟုဆိုသည်။ ကချင်ပြည်နယ် အနီးတစ်ဝိုက်ရှိ ရှမ်းရွာကြီးများမှ ရွာခံများလည်း ပျောက်ဆုံးနေသည်ဟု ဦးနော်ဒင့်က ပြောသည်။
မန်စီမြို့နယ်အတွင်းရှိ ရွာများမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့မှုကြောင့် ရွာများစွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေးစခန်းများ ရှိသည့် မန်ဝိုင်းကြီး၊ KIA ထိန်းချုပ်နယ်မြေတွင်း၊ မန်စီမြို့နယ်၊ ဗန်းမော်မြို့နယ်တို့ရှိ စခန်းများတွင် ခိုလှုံံလျက်ရှိသည်။ တပ်နေရာ ချထားမှုများ ရှိနေခြင်းကြောင့် နေအိမ်သို့ ၂၀၁၄ ခုနှစ်၊ ဧပြီလအထိ မပြန်နိုင်သေးသည့် ဒုက္ခသည်မှာ ၆၀၀၀ကျော် ၀န်းကျင်ရှိသည်။
ဧပြီလ ၁၀ ရက်တွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မန်ဝိုင်းကြီးတွင် ဒုက္ခသည် ဦးရေ စုစုပေါင်း ၅၃၀၀ ကျော် ရှိသွားပြီဟု ဦးနော်ဒင့်က ဆိုသည်။
ဆက်လက်၍ “အရင်က မန်ဝိုင်းကြီးမှာ ဒုက္ခသည်က ၃၀၀၀ကျော်၊ အရင်ကတောင် အမိုးအကာ မလုံလောက် ဘူး၊ အခုတော့ ဒီရောက်လာတဲ့ ဒုက္ခသည် ၂,၀၀၀ကျော်ကို ဘယ်လိုနေရာပေးမလဲ စဉ်းစားရအရမ်းကျပ် နေတယ်၊ လမ်းတွေပိတ်လို့ လာကူမယ့် သူလည်း မရှိဘူး"ဟု ပြောသည်။
မန်စီမြို့နယ်နှင့် မိုင် ၂၀ ၀န်းကျင်ခန့် ရှိသည့် ဗန်းမော်မြို့တွင် ကုလသမဂ္ဂမှ အရပ်ဘက်ကယ်ဆယ်ရေး အဖွဲ့အစည်းများ ရှိသော်လည်း တိုက်ပွဲများဖြစ်ပွားမှုကိုမူ အကာအကွယ် မပေးနိုင်ပေ။
လက်ရှိတွင် ပြည်တွင်းစစ်များ ရပ်တန့်ရန် နိုင်ငံတော်သမ္မတ ဦးစီးကာ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ လတ်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှုမှာ အပြီးသတ် သဘောတူညီမှု ၈၀ ရာနှုန်းကျော် ရနေသည့် အနေအထား ရောက်ရှိနေပြီဟု ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် နှစ်ဖက်ခေါင်းဆောင်များက မဇ္စျိမကို ပြောဆိုထားသည်။
ထိုဆွေးနွေးနေမှု အောင်မြင်နေသည့် ကာလများတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ပဋိပက္ခဆိုတာကတော့ ချက်ချင်း ငြိမ်းသွားမှာ မဟုတ်ဘူး၊ ရှိနေဦးမှာပဲ၊ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေး အတွက် ကြိုးစားနေပါတယ်"ဟု ပြောသည်။