ရခိုင်ပြည်နယ်တွင် နိုင်ငံတကာအကူပေးရေးအဖွဲ့များ ပြန်လည်ဝင်ရောက်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဧပြီ ၁၀ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြိုင်က မဇ္စျိမကိုပြောသည်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ စစ်တွေ ဒုက္ခသည်စခန်းများတွင် အကူအညီများ ပြန်လည်ပေးအပ်ရေး အတွက် ရခိုင်ဒေသတွင် ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ရေး တို့ကို ပြန်နယ်အစိုးရ အဖွဲ့ဝင်အချို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
“အန်ဂျီအိုတွေနဲ့ ဒေသခံတွေ နားလည်မှုလွဲမှားတာမျိုး နောက်ထပ်မဖြစ်ဖို့အတွက် ကြားကညှိနှိုင်းတဲ့အဖွဲ့လည်း ဖွဲ့ထားပြီးပြီ ဖြစ်တယ် ဒါကြောင့် အကူအညီပေးရေးလုပ်ငန်းတွေ ဧပြီလ ကုုန်ပြန်လုပ်နိုင်ဖို့ ဆွေးနွေးတာ”ဟု
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က မဇ္စျိမကိုပြောသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များပြန်လည် ၀င်ရောက်ရေးနှင့်ပတ်သက်၍ ဒေသခံ လူမှုအဖွဲ့အစည်း ဖြစ်သည့် စစ်တွေလူမှုကွန်ရက်အဖွဲ့က ဦးကျော်လွင်ကမူ "အရင်ကဆောင်ရွက်ခဲ့တဲ့ အခြေအနေမျိုးနဲ့ ရခိုင်တွေက လက်သင့်မခံတာ ထင်ရှားနေပြီပဲ ထပ်ပြီးလာချင်တယ်ဆိုရင်တော့ ဘယ်လောက်မျှတလဲဆိုတာ စောင့်ကြည့်ရမှာပါ"ဟု မဇ္စျိမကိုပြောသည်။
ဒေသခံအဖွဲ့အစည်းများ၏ သဘောဆန္ဒနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ ဆောင်ရွက်မှုများကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ နှင့် ဒေသခံ တိုင်းရင်းသားများအကြား အစိုးရကဖွဲ့စည်းထားသည့် အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate Center) ကသုံးသပ်ပြီး ယင်းအဖွဲ့က လက်ခံမှသာ နိုင်ငံတကာ အကူပေးရေးအဖွဲ့များအနေဖြင့် ရုံးထိုင်ခွင့်ရှိမည်ဖြစ်သည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ မဝင်ရောက်မှီကာလအတွင်း ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ထောက်ပံ့ထားသည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဧပြီ ၉ ရက်တွင် ပြောကြားထားသည်။
“စားနပ်ရိက္ခအခက်အခဲမဖြစ်ပါဘူး ပဋိပက္ခဖြစ်တဲ့နေရာဆိုတာ ရေမီးအစုံတော့ မရှိဘူးပေါ့ဗျာ”ဟု ဗိုလ်ချုပ်မောင်မောင်အုန်း ဧပြီလ ၉ရက်က မဇ္စျိမကို ပြောသည်။
မတ်လ ၂၆ ရက်ညပိုင်းက စစ်တွေမြို့ရှိ မာတေဇာ (Malteser) အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ အမျိုးသမီး တစ်ဦးက သာသနအလံကို မဖွယ်မရာ လုပ်သည်ဟုဆိုကာ မတ် ၂၆ ရက်တွင် အန်ဂျီအိုရုံးများကို ဒေသခံမျးက ခဲဖြင့်ပေါက်မှုများပြုလုပ်ခဲ့ပြီး UN အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်း ၁၄ ခန်းပျက်စီးခဲ့သည်။
ယင်းကဲ့သို့ ဖြစ်ပွားခြင်းကြောင့် ထိုရုံးများမှ ၀န်ထမ်းများသည် မတ်လ ၂၇ရက် ညနေမှစကာ ရန်ကုန်သို့ တိမ်းရှောင်လာကာ အကူညီပေးရေးလုပ်ငန်းများရပ်နားထားရသည်။