တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထက်မြန်မာပြည်ရုံးခွဲ မန္တလေးမြို့တွင် ဖွင့်လှစ်

တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထက်မြန်မာပြည်ရုံးခွဲ မန္တလေးမြို့တွင် ဖွင့်လှစ်
by -
မဇ္စျိမ

အထက်မြန်မာနိုင်ငံရှိ တောင်သူလယ်သမားအရေးကို ကူညီဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၇ လမ်းနှင့် ၈၈လမ်းကြား၊ ၃၈လမ်းတွင် ဧပြီလ၉ရက် နံနက်၉နာရီ၌ အထက်မြန်မာ ပြည်ရုံးခွဲကို ဖွင့်လှစ်သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က တောင်သူလယ်သမား အရေး ကူညီဆောင်ရွက်ပေးရန်နှင့် ၂၀၁၅ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဧရာဝတီတိုင်း၊ ပဲခူး တိုင်းနှင့်မကွေးတိုင်းတို့တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ အဆို ပါ ပါတီကို ၂၀၁၂ခုနှစ်၊ နို၀င်ဘာ ၆ ရက် က စတင်တည်ထောင်ခဲ့ပြီး တောင်သူလယ်သမားများအရေးကို တစ်စိုက်မတ်မတ် ကူညီဆောင်ရွက် ပေးနေကြောင်း၊ ယခုအခါတွင် ပါတီဝင်အင်အား တစ်သန်းကျော်ရှိကြောင်းသိရသည်။

“အလုပ်လုပ်ဆုံးလူသားဟာ အဆင်းရဲဆုံး လူသားဖြစ်နေတာ လယ်သမားတွေပဲ။ ရုပ်ရှင်ရိုက်နေတဲ့သူတွေ မှာ ရုပ်ရှင်အစည်းအရုံးရှိပါတယ်။ ဇာတ်သဘင် အစည်းအရုံးရှိတယ်။ ဆိုက်ကားသမားတို့၊ မြင်းလှည်းသမား တို့တောင် အနှေးယာဉ် အစည်းအရုံးရှိပါတယ်။

“ကျွန်တော်တို့ တောင်သူလယ်သမားတွေ သိန်းချီသန်းချီရှိနေပြီး တောင်သူလယ်သမား အစည်းအရုံး ပျောက်နေတာ ကြာပါပြီ။ အခုအစိုးရသစ်နဲ့ မူဝါဒသစ်တွေ ပေါ်ပေါက်လာတော့မှ တောင်သူလယ်သမား အစည်းအရုံးဖွဲ့စည်းခွင့်ရခဲ့ပါပြီ။

“ဒါကြောင့် တစ်တိုင်းပြည်လုံးမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ ဘယ်ပါတီဝင်ဖြစ်ဖြစ် တောင်သူ လယ်သမားမှန်ရင် တောင်သူလယ်သမားအစည်းအရုံးကို ၀င်ကြပါ။ ဒါမှလယ်သမားတွေရဲ့ အကျိုးစီးပွား ကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတောင် သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါ တီ ပါတီဗဟိုဌာနချုပ် ဥက္ကဋ္ဌဦးကျော်စွာစိုးက မဇ္ဈိမကို ပြောသည်။

“ယခုအစိုးရသစ်လက်ထက်တွင် တက်လာသော ၀န်ကြီးတွေ လွှတ်တော်အမတ်တွေ လယ်သမားအကြောင်း မဆွေးနွေးဘူး။ ဒါတွေကို သိသိနဲ့ မဲပေးကြဦးမှာလား။ကိုယ်တင်ရမယ့် ခေါင်းဆောင် ကိုယ်တိုင်ရွေးချယ်ရမှာ ပါ။ ငိုက်နေရမယ့်အချိန် မဟုတ်ဘူး။ တိုက်ရမယ့်အချိန်ပါ။ တုတ်ဓားဆွဲပြီး တိုက်ရမှာ မဟုတ်ဘူး။ မဲပေးပြီး တိုက်ရမှာပါ”ဟု ပါတီရုံးဖွင့်ပွဲတွင် ဦးကျော်စွာစိုးက တက်ရောက်လာသော တောင်သူ လယ်သမားများ အား ပြောကြားသည်။

ဆက်လက်၍ ဦးကျော်စွာစိုးက “ဒီတစ်ခေါက်တော့လယ်သမားလည်း သမ္မတ ဖြစ်ချင်ပါတယ်။ အဲဒီလို သမ္မတဖြစ်ဖို့ ဆင်းရဲသား လယ်သမားတွေ ကိုယ်စားပြုထားတဲ့ ဆင်းရဲသားပါတီကို ရွေးချယ်ရမှာပါ။

“မန္တလေးတိုင်းအတွင်းမှာရှိတဲ့ တောင်သူတွေအနေနဲ့ မြေသိမ်းယာသိမ်းခံရမှု တွေနဲ့တခြားကိစ္စတွေကို ဒီနေ့ကစပြီး လာရောက်အကူအညီတောင်းတိုင်ကြားနိုင်ပါတယ်။ ရောက်လာတာနဲ့ ချက်ချင်းဆောင် ရွက်ပေးသွားမှာပါ။ လယ်သိမ်းခံ တောင်သူတွေအနေနဲ့ ထွန်တုံးတိုက်ပွဲ မဝင်ကြပါနဲ့။ သူတို့အမှားကို ဥပဒေအ တိုင်းဆောင်ရွက်ကြပါ။ ကိုယ်က ၀င်လုပ်တော့ အရေးယူခံကြရတယ်”ဟု ဦးကျော်စွာစိုးက ပြောကြားသည်။

ထို့အပြင် ပါတီက အမျိုးသားအကျိုး စီးပွားကို ဦးထိပ်ထားသည့် တစ်ခုတည်းသော တောင်သူလယ်သမား အစည်းအရုံးကြီး ပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေတွင်ပါရှိသော လယ်ယာမြေပေါင်နှံခွင့်နှင့် အညီ တောင်သူလယ်သမားများအားလုံး လုံလောက်သော အရင်းအ နှီးများကို အတိုးနှုန်းနည်းစွာဖြင့် ရရှိရေး တို့ကိုကူညီဆောင်ရွက်ပေးသွားမည့်အပြင် ကမ္ဘာ့ဘဏ်မှချေး ငွေဖြင့်တောင်သူ လယ်သမားများအား လုံလောက်သော အရင်းအနှီးများရရှိစေရန်နှင့် အနာဂတ်မြန်မာနိုင်ငံတွင်တောင် သူ လယ်သမားအကျိုးပြုဘဏ်ကြီးတစ်ခု တည်ထောင်ဖွဲ့စည်းသွားမည်ဟု ဦးကျော်စွာစိုး က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃ (ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လယ်ယာထွက် ကောက်ပဲသီးနှံများကိုသင့်တင့် မျှတသော စျေးနှုန်းဖြင့် ရောင်းချခွင့် ရရေးနှင့် ပုဒ်မ (၂၉)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း နိုင်ရေးများကိုလည်းဆောင်ရွက်ပေးသွားမည်ဟုသိရသည်။

ပါတီရုံးဖွင့်လှစ်ရာသို့ တောင်သာ၊ မြို့သာ၊ မြင်းခြံ၊ စဉ့်ကိုင်၊ကျောက်ဆည်၊ စသည့်မြို့နယ်များမှ တောင်သူ ၁၀၀ ကျော် တက်ရောက်သည်။

Most read this week