UNA နှင့် NCCT တို့ ရန်ကုန်တွင် တွေ့ဆုံ

UNA နှင့် NCCT တို့ ရန်ကုန်တွင် တွေ့ဆုံ
by -
နိရဥ္စရာ

ညီညွှတ်သော တိုင်းရင်းသား မဟာမိတ် အဖွဲ့ UNA နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ ရှစ်မိုင် ဖိုးတီးဆာဗင်းတွင် ဧပြီလ ၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

၎င်းတွေ့ဆုံ ဆွေးနွေးပွဲသို့ UNA ဘက်မှ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီ၊ ဇိုးမီး၊ ကယန်းနှင့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး NCCT မှ ဦးခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်းမူန်ခေါင်၊ AA မှ ဒုဗိုလ်မှူးကြီး ကျော်ဟန် အပါအဝင် ကိုယ်စားလှယ် (၆) ဦးတက်ရောက်ခဲ့သည်။

UNA ခေါင်းဆောင်များကိုတွေ့ရစဉ်။ (ဓါတ်ပုံ- Internet)

“ ကျနော်တို့ ရခိုင်အမျိုးသား ပါတီက ဦးအေးသာအောင်၊ ဦးထွန်းညို၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဒေါ်တင်မေအောင်နဲ့ ဒေါ်မြမေတို့ တက်ရောက်ပါတယ်။ အဓိကတော့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါ တွေ့ကြံုရတဲ့ အခက်အခဲတွေနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် သူတို့ကြိုးစား ဆောင်ရွက်နေတဲ့ အပိုင်းတွေကို NCCT က ကိုယ်စားလှယ်တွေက ပြောပြကြပါတယ်” ဟု ရခိုင်အမျိုးသား ပါတီမှ ခေါင်းဆောင်သူ တစ်ဦးဖြစ်သူ ဦးလှမြင့်က ပြောသည်။

NCCTG မှ ဦးခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်းမူန်ခေါင်တို့မှ ဦးဆောင် ဆွေးနွေးပြီး သူတို့ အနေဖြင့် ယနေ့ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် အားရကျေနပ်မူ မရှိသော်လည်း သင့်တင် လျောက်ပတ်သော ကျေနပ်မူ ရှိပုံရသည်ဟု ဦးလှမြင့် က ပြောသည်။

UNA ဘက်မှ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိန်းနှင့် ဦးအေးသာအောင်တို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး သူတို့မှ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ပေါ်ပေါက်ရေးကို ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ အခုတွေ့ဆုံတာက သူတို့ ပြည်တွင်းထဲကို ရောက်ရင် တွေ့ဆုံနေကျ ပုံမှန်တွေ့ဆုံမူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စတွေကို တစ်ဘက်နဲ့ တစ်ဘက် အမြင်ချင်း ဖလှယ် ဆွေးနွေးကြတဲ့ သဘော ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်မှန်သော ဖက်။ရယ်ပြည်ထောင်စုမှ တစ်နေ့ မဟုတ် တစ်နေ့ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ မိမိတို့ လက်ထက်တွင် မရလျှင် မြေးမြစ်များ လက်ထက်တွင် ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း ဦးလှမြင့်က ဆိုသည်။

ဆွေးနွေးပွဲတွင် အတွင်း၊ အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တပ်ဖွဲ့များ ဆက်လက်ပြီး မြန်မာပြည်တွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ကြိုးစားသွားကြရန် သံဓိဌာန်ချမှတ်ခဲ့ကြသည်ဟု သိရသည်။

Most read this week