ဘင်္ဂလာဒေချ့် UN ဒုက္ခသည်စခန်းတွင် လုပ်သေနတ်နှင့် လူတစ်ဦးဖမ်းမိ

ဘင်္ဂလာဒေချ့် UN ဒုက္ခသည်စခန်းတွင် လုပ်သေနတ်နှင့် လူတစ်ဦးဖမ်းမိ
by -
နိရဥ္စရာ

UN အသိအမှတ်ပြု ဒုက္ခသည် စခန်းမှ ရခိုင်ပြည်နယ်သို့ ၀င်ရောက်ပြီး ရာဇဝတ်မူများ ကျူးလွန်နေသူဟု ယူဆခံရသူ ဒုက္ခသည် တစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် အတူ ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ ( BGB) က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ အသက် (၄၇) နှစ်အရွယ်ဘင်္ဂလီ  (ရိုဟင်ဂျာ) လူမျိုး အာဘဒူလ်ဟာမီး ဆိုသူဖြစ်သည်။ ယင်းမှာ UN အသိအမှတ်ပြု ဒုက္ခသည်တဦး ဖြစ်ကာ အခန်းနံပါတ် ၁၂၂၅/၄ တွင် နေထိုင်စဉ် ယမန်နေ့ နံနက်ပိုင်းက ဘင်္ဂလာနယ်ခြားစောင့်တပ်မှ သွားရောက် ဖမ်းမိ ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေချ့် နိုင်ငံထုတ် ဒေသထုတ် သတင်းစာများက ဖော်ပြသည်။

နောက်ထပ် တရားခံနှစ်ဦးမှာ ဖမ်းဆီးနေစဉ် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

၄င်းတို့ကို ဖမ်းဆီးနိုင်ရန် တက်ကနက်ရဲစခန်းတွင် အမှူဖွင့်ထားကြောင်း အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် UNHCR မှ ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများမှ ဘင်္ဂလီ(ရိုဟင်ဂျာ)ဒုက္ခသည်များ အချို့သည် ရခိုင်ပြည်နယ် အတွင်းသို့ မကြာခဏ ၀င်ရောက်ပြီး ရာဇဝတ်မူများကို ကျူးလွန်ကြသည်ဟု နယ်စပ် ဒေသခံများက ပြောသည်။

ထိုသို့ ကျူးလွန်ပြီးနောက် ဘင်္ဂလာဒေချ့်သို့ ပြန်လည် ၀င်ရောက်လာကာ ဒုက္ခသည်စခန်းများတွင် ခိုလုံ နေထိုင်ကြသည်ဟု ဆိုသည်။

အလားတူ မြန်မာဘက်ကမှ လူသတ်၊ ဓါးပြမူများဖြင့် ထွက်ပြေးသွားသူ အချို့မှာလည်း ဘင်္ဂလာဒေချ့်ဘက်သို့ ထွက်ပြေးသွားကာ ယင်းဒုက္ခသည် စခန်းများတွင် ခိုလုံုကြသည်ဟု အရပ်ဘက်က လာသော သတင်းများတွင် ဖေါ်ပြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ တရားဝင် အသိအမှတ်ပြုထားသည့် နော်ဝါပါရာ နှင့် ကော့တော့ပလောင် ဒုက္ခသည်စခန်း၂ ခု ရှိပြီး ဒုက္ခသည် အရေအတွက်မှာ စုစုပေါင်း ၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

၁၉၉၂ ခုနှစ်က စခန်း (၂) ခုကို စတင်ထူထောင်စဉ် လူဦးရေ ရ၀၀၀ ခန့်သာရှိခဲ့သော ၎င်းစခန်းများ၏ လူဦးရေမှာ မွေးဖွားနုန်း မြန်ဆန်ခြင်းကြောင့် ယခုကဲ့သို့ ဒုက္ခသည် အရေအတွက် အဆမတန် တိုးပွားနေခြင်း ဖြစ်ကြောင်း ဒုက္ခသည် စခန်းနှင့် ပတ်သက်သော အစီရင်ခံစာ တစ်ခုတွင် ရေးသား ဖေါ်ပြထားသည်။

ယင်းဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို မြန်မာနိုင်ငံကို ပြန်ပို့ရေး အတွက် ကလေးငယ်များကို မြန်မာစာ သင်ကြားပေးသည်ဟုလည်း သိရသည်။

Most read this week