အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့-NCCT အကြား ပထမမူကြမ်း သဘောတူညီမှု ရရှိ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်အဖွဲ့-NCCT အကြား ပထမမူကြမ်း သဘောတူညီမှု ရရှိ
by -
နိရဥ္စရာ

NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC  ဦးဆောင်သော အစိုးရအဖွဲ့တို့၏ လေးရက်ကြာ အစည်းအဝေးမှ တစ်ခုတည်းသော သဘောတူညီချက် ပထမမူကြမ်းကို ရရှိခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းရေးဆွဲပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန-MPC ၌ နှစ်ဘက် တာဝန်ရှိသူများမှ ဧပြီလ ၅ရက်နေ့မှ ၈ ရက်နေ့အထိ ၄ရက် တိုင်တိုင် ဆွေးနွေးခဲ့ကြသည်။

နှစ်ဖက် ကိုယ်စားလှယ်များ အမှတ်တရ ဓါတ်ပုံရို်က် (ဓါတ်ပုံ- နိရဥ္စရာ/ မင်းဆက်ခိုင်)

NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ Single Text မူကြမ်းအဖြစ်ထားဖို့ သဘောတူတယ်။ အဲဒီမူကြမ်းထဲမှာ တော့ ပုဒ်မ (၁) (၂) (၃) (၄) (၅) အကုန်လုံး သဘောတူတယ်လို့ ဆိုလိုချင်တာ မဟုတ်သေးဘူး” ဟု ပြော သည်။

တပ်မတော်မှ ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက မူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို မျှော်မှန်းထားသည်ထက် စောပြီးလုပ်နိုင်လိမ့်မည်ဟု သုံးသပ်သည်။

“Single text မူကြမ်းတစောင် ရသွားပြီပေါ့။ ကျနော်တို့ မျှော်မှန်းတာထက်ကို ပိုပြီးတော့ စောနိုင်မယ်လို့ သုံးသပ်တာပဲ။ ယခင်တုန်းကတော့ သြဂတ်စ်လ ၁ရက်နေ့၊ အခုကတော့ အဲဒီမတိုင်ခင်ကို ရဖို့ ကတော့ ကျိန်းသေ သလောက်ရှိသွားပြီ။ ဒါ ထင်တာထက်ကို ဒီနေ့ အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုးက သတင်းထောက်များကို ပြောသည်။

သို့သော် နှစ်ဖက် သဘောတူလိုက်သည့် ပထမမူကြမ်း အသေးစိတ်ကိုမူ  မပြောနိုင်သေးဟု သူကဆိုသည်။

တစ်ခုတည်းသော သဘောတူညီချက် (Single Text) (ပထမမူကြမ်း) ကို နှစ်ဘက် သဘောတူခဲ့သော်လည်း ဖယ်ဒရယ်အရေး၊ တိုင်းရင်းသားအဖွဲ့ အခေါ်အဝေါ်တချို့နှင့် ပတ်သက်၍မူ ဆက်လက်ဆွေးနွေးရဦးမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အစိုးရဘက်ကတော့ လက်နက်ကိုင် တိုင်းရင်းသား၊ ကျနော်တို့ဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်၊ အဲဒါကို ညှိဖို့ ချန်ထားတယ်။ ကျနော်တို့ ထည့်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်းရေး အဖွဲ့ အစည်း ဆိုတာကို အဲဒီ တော်လှန်ရေးဆိုတာကို သူတို့ ညှိဖို့ မထားတော့ဘူး။ လက်မခံဘူးလို့ ပြောတယ်။ ကျနော်တို့ အနေနဲ့က လိုက်လျော မလျောကို လူကြီးတွေကို တိုင်ပင်ရဦးမယ်။ ကျနော်တို့ ညှိနှိုင်းရေး အဖွဲ့ကတော့ တထိုင်တည်းနဲ့ မထည့်တော့ဘူးလို့ ပြောဖို့ခက်တယ်။” ဟု သူက ပြောသည်။

ထို့ပြင် ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဖယ်ဒရယ်ဆိုတာကလည်း ကျနော်တို့က ပါစေချင်တယ်။ အစိုးရဘက်ကတော့ မပါစေချင်ဘူး။ သူတို့လည်း သူတို့ လူကြီးတွေပိုင်းမှာ ပါလို့ ရမလား။ ကျနော်တို့ကလည်း ဒါကို သူတို့ မပါစေချင်ဘူး ချန်လို့ရမလား။ ဒါမျိုးကတော့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေကို ပြန်မေးရမယ်” ဟု ဆက်ပြောသည်။

အလားတူ အစိုးရဘက်မှ တင်သွင်းသည့် အချက်များထဲမှ တချို့ကို NCCT ဘက်မှလည်း မပါစေချင်ကြောင်း တင်ပြခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

သူက “ဥပမာ တည်ဆဲဥပဒေ ကျနော်တို့ မပါစေချင်ဘူး။ ဥပဒေဆိုရင် ရပြီ။ အဲဒီ တည်ဆဲဆိုတာက အနှောက်အယှက်ဖြစ်တယ်။ တည်ဆဲကို ဖယ်ပေးပါပြောရင်လည်း ဒါကို သူတို့ ချက်ချင်း မဖယ်နိုင်ဘူး။ ဒါကို သူတို့ ပြန်ပြင်မယ်ပေါ့။ ဒါမျိုးပေါ့လေ” ဟုသူက ပြောသည်။

မတ်လ ၈ ရက်နေ့ ဆွေးနွေးပွဲအပြီး အပိုဒ်(၅)ပိုဒ် ပါဝင်သည့် ပူးတွဲသတင်းထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နှစ်ဖက်ကိုယ်စားလှယ်များမှ ၂၀၁၄ခုနှစ်၊ မေလ ပထမ အပတ်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း ပါဝင်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့- NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ-UPWC ဦးဆောင်သော အစိုးရအဖွဲ့တို့သည် ၂၀၁၄ခုနှစ် မတ်လ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် MPC ၌ ဆွေးနွေးခဲ့ပြီး အခန်း ရ ခန်းပါသည့် မူကြမ်းတစောင်ရေးဆွဲရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

Most read this week