ရခိုင်အမျိုးသားပါတီ(ဗဟို) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် မြို့နယ်ရုံးများ ဖွင့်ပွဲကျင်းပ

ရခိုင်အမျိုးသားပါတီ(ဗဟို) ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် မြို့နယ်ရုံးများ ဖွင့်ပွဲကျင်းပ
by -
နိရဥ္စရာ

စစ်တွေမြို့ ရခိုင်အမျိုးသားပါတီ(ဗဟို) ရုံးဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့် မြို့နယ်ရုံးများ ဖွင့်ပွဲကို ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဧပြီလ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ(ဗဟို) ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို စစ်တွေမြို့တွင်ကျင်းပရာ ပါတီ ဒုခေါင်းဆောင် ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ် ကော်မတီဝင်များ၊ စစ်တွေမြို့ရှိ အသင်းအဖွဲ့စည်းများမှ ကို်ယ်စားပြုသူများ။ စစ်တွေမြို့ ရပ်မိရပ်ဖများနှင့် ပါတီလိုလား ထောက်ခံသူ ၃၀၀ နီးပါး တက်ရောက်ခဲ့သည်။

narinjara anp

“နံနက် ၉ နာရီ ၄၅ မိနစ် မှာ စစ်တွေမြို့ ဗဟိုဌာနချုပ်ရုံးကို စတင်ဖွင့်ပါတယ်။ ဒ့ါပြင် မင်းပြား၊ မောင်တော၊ သံတွဲနဲ့ ပေါက်တောမြို့တို့မှာလည်း ဖွင့်လှစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ် အဆင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက် နေကြပါတယ်။ သင်္ကြန်မကျမှီ အပြီး ရခိုင်ပြည်နယ် အနှံ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု ပါတီ ဗဟိုအလုပ်အမူဆောင် ကော်မီတီဝင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက နိရဥ္စရာသို့ ပြောသည်။

ပေါင်းစည်းပြီးနောက်ပိုင်း ပါတီ၏ အပေါ် ပြည်သူများ၏ အမြင်သဘောထားများမည်သို့ ရှိပါသလဲဟု မေးမြန်းရာ ဦးခိုင်ပြည်စိုးက အားရစရာကောင်းကြောင်း ပြောသည်။

“ စစ်တွေ ဗဟိုရုံး ဖွင့်လှစ်တဲ့အခါ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ရခိုင်ပြည်သူ အပိုင်းကို ပြောရရင် အထူးစိတ်ဝင်းစားမူရှိတယ်ဆိုတာကို မြင်ရပါတယ်။ ရဟန်းရှင်လူ ရခိုင်ပြည်သူတွေက ပါတီနှစ်ခု ပေါင်းဖို့ လိုအပ်တယ်လို့ မြင်တဲ့ အတွက် ကျွန်တော်တို့ပါတီနှစ်ခု ပေါင်းပြီး ANP ပါတီကို ထူထောင်ခဲ့ကြပါတယ်။ အဲသလို ထူထောင်ပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်သူအားလုံးကတော့ ၀မ်းမြှောက် ၀မ်းသာရှိကြတယ်ဆိုတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ပါတီ၏ ရည်ရွယ်ချက် ချမှတ်ထားပုံနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သူက ယခုကဲ့သို့ ရှင်းပြသည်။

“ရည်ရွယ်ချက် သုံးချက် ချမှတ်ထားပါတယ်။ ပါတီရဲ့ မူဝါဒ အနေနဲ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အပိုင်း တစ်ပိုင်း ပါတယ်၊ ဒီမိုကရေစီ ထွန်းကားရေး အပိုင်းတစ်ပိုင်းနဲ့ နောက်တစ်ခါ လူမျိုးကို အခြေခံပြီး ဖွဲ့စည်းတဲ့ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး အပိုင်းတို့ ဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ် အနေနဲ့ အချက် ၁၆ ခုကို ချမှတ်ထားပါတယ်။”

ရှေ့လုပ်ငန်းစဉ်များထဲတွင် သဘာဝ ပတ်ဝန်းကျင် အရေးကိစ္စ၊ လက်ရှိ ရခိုင်ပြည်သူများ ကြံုတွေ့နေရသော လယ်ယာမြေပြသနာနှင့် ရခိုင်ပြည်တွင် ဖြစ်ပေါ် ရင်ဆိုင်နေရသော လက်ရှိ ပြသနာများကို ကိုင်တွင် ဖြေရှင်းမည့်  မူဝါဒများကို ချမှတ်ထားကြောင်း၊ သို့သော်လည်း လာမည့် ညီလာခံတွင် ယင်းမူဝါဒများကို အတည်ပြုချက်ယူပြီး လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သူက ဆိုသည်။

လောလောဆယ် အခြေအနေတွင် ရခိုင်အမျိုးသား ပါတီအနေဖြင့် မြို့နယ် ပါတီရုံးတွေကို ဖွင့်လှစ်ပြီး ပါတီ၏ ညီလာခံ တစ်ခု အမြန်ဆုံး ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ဦးခိုင်ပြည်စိုးက ပြောကြားသွားသည်။

Most read this week