၃၁.၃.၂၀၁၄ရက်ထုတ် ဤသတင်းစာတွင် “သမ္မတဦးသိန်းစိန်၏ သုံးနှစ်ခရီး” ဟူသော အထူးအချပ်ပိုကို ဖတ်ရပါသည်။ ထိုအထူးအချပ်ပိုတွင် သာမန်လုပ်စားကိုင်စား ပြည်သူများအတွင်းက အသံများကိုသာမက ဂျက်ဖရီဂေါ့ဒတ် စုစည်းတင်ပြထားသော ပညာရှင်များ၏ သမ္မတဦးသိန်းစိန် ၏ သုံးနှစ်တာအတွင်းဆောင် ရွက်ချက်များအပေါ် ထင်မြင်သုံးသပ်ချက်များကိုပါ ဖတ်ရပါသည်။
ထို့ပြင် အယ်ဒီတာ ဒေါ်ဝေမာသိမ့်၏ မျက်မှောက်ခေတ်နိုင်ငံရေးကို အစဉ်တစိုက် လေ့လာရေးသားလျက် ရှိသူ ဆရာကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်းကိုလည်း ဖတ်ရပါသည်။
ခြံုကြည့်လျှင် သမ္မတဦးသိန်းစိန်၏ သုံးနှစ်တာခရီးတွင် ပြုပြင်ပြောင်းလဲမှုများ ရှိလာသည်ကိုကား သာမန် ပြည်သူတွေရော နယ်ပယ်အသီးသီးမှ ပညာရှင်တို့ကပါ ကြိုဆိုလက်ခံကြကြောင်း တွေ့ရပါသည်။ သုံးနှစ် တာအတွင်း ထင်သာမြင်သာရှိသော အပြောင်းအလဲများကား ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLDပါတီ က ကမ်းလှမ်းခဲ့သော တွေ့ဆုံဆွေးနွေးရေးကို နဝတ/ နအဖ ခေတ်တစ်လျှောက်လုံး ပယ်ချခဲ့ရာမှ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒေါ်aအာင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး၍ NLD ပါတီအား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထဲမှာ ပါလာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ထည့်မတွက်ဘဲ မိမိတို့၏အကျိုးစီးပွားနှင့်ပါ ရောသမမွှေ၍ တည်ဆောက်ခဲ့သော မြစ်ဆုံစီမံကိန်းကို လုံးဝ ရပ်ဆိုင်းခြင်းမျိုး မဟုတ်သော်မှလည်း ယာယီ ရပ်ဆိုင်းထားစေနိုင်ခဲ့ခြင်း၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးစားပွဲသို့ ခေါ်ယူနိုင်ခဲ့ခြင်း၊ မီဒီယာ လွတ်လပ်ခွင့်များကို တစ်စုံတစ်ရာ အတိုင်း အတာထိ ပေးနိုင်ခဲ့ခြင်း၊ အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ရာနှုန်းပြည့်နီးပါး ရုပ်သိမ်းသွားစေနိုင်ခဲ့ခြင်း၊ နိုင်ငံတကာ၏ ငွေကြေးအကူအညီများလည်း အထိုက်အလျောက် ရရှိခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား လမ်းဖွင့်ပေးနိုင်ခဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။ ယင်းတို့ကား သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးတွင် ထင်သာမြင်သာ တွေ့မြင်လာရသော ပြောင်းလဲမှုများ ဖြစ်ပေသည်။
သို့ရာတွင် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ရခိုင်ပြည်နယ် အရေးအခင်း၊ မိတ္ထီလာအရေး အခင်းစသော အကြမ်းဖက်မှုများပါ ပါလာသည့် အရေးအခင်းများ၊ ရဟန်းသံဃာများကို ရက်စက်စွာ ဖြိုခွဲနှိမ်နင်းသည့် လက်ပံတောင်း အရေးအခင်းနှင့် အငြင်းပွားစရာ မျိုးစောင့်ဥပဒေလို ကိစ္စများစသည့် စိန်ခေါ်မှုများကိုလည်း သမ္မတဦးသိန်းစိန်၏ သုံးနှစ်တာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးစဉ်အတွင်း တွင်တွေ့မြင်ခဲ့ကြရပေသည်။
ထို့အပြင် လွှတ်တော်နှင့် ဦးသိန်းစိန် အစိုးရ “ပွတ်တိုက်မှု” ဟု ပြောနေကြသည့် ကောင်းသည့် လက္ခဏာ လား၊ မကောင်းသည့် လက္ခဏာလားဟု ခွဲခွဲခြားခြား ပြောရခက်သည့်ဖြစ်ရပ်များကိုလည်း မြင်တွေ့ခဲ့ကြရ သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန် အစိုးရကို ပြောင်းလဲမှုဘာမျှ မရှိဟု၍ကား ပြော၍ မရနိုင်ပေ။ ပြောင်း တာတွေကတော့ ပြောင်းသင့်သလောက် ပြောင်းနေတာ အမှန်ပင်။
မည်သည့် ပြောင်းလဲမှုဖြစ်စဉ်တွင်မဆို နေ့ချင်းညချင်း နတ်ရေကန်ထဲသို့ ပစ်ချလိုက်သလို ရုတ်ခြည်း ပြောင်းလဲသွားဖို့ကတော့ ခက်စမြဲဖြစ်သည်။ အပြောင်းအလဲ ကာလတွင် အဟောင်းနှင့်အသစ်တို့ အား ပြိုင်တတ်ကြသည်မှာလည်း ဓမ္မတာ ဖြစ်သည်။ ပြောင်းချင်သူနှင့် မပြောင်းချင်သူတို့သည် အားပြိုင်နေ တတ်ခြင်းမှာ နိယာမ ဖြစ်သည်။
သို့ရာတွင် အပြောင်းအလဲများတွင် အဓိကပြဿနာကား ချက်ချင်း ပြောင်းသွားမှာလား၊ အချိန်အတန်ကြာမှ ပြောင်းမှာလားဟူသော ကာလပြဿနာမဟုတ်။ ပြောင်းလဲချင်တာသည် အပေါ်ယံကို ပြောင်းလဲချင်တာ လား၊ အခြေခံကို ပြောင်းလဲချင်တာလားဟူသော ပြောင်းလဲမှုနှင့်ပတ်သက်သည့် အခြေခံ အတွေးအခေါ် ပြဿနာသာ ဖြစ်သည်။
ထိုအခြေခံပြဿနာကို မဖြေရှင်းနိုင်လျှင် သို့မဟုတ် ယခုချက်ချင်းလက်ငင်း မဖြေရှင်းနိုင်သေးလျှင်တောင်မှ ပြောင်းလဲမှုတွင် ပါ၀င်ဖက်တွေနှင့် သဘောတူညီချက်ယူ၍ နောင်ဘယ်မျှလောက်သော အနာဂတ်ကာလ တွင် ဖြေရှင်းသွားမည်ဟု သန္နိဋ္ဌာန်ချမထားလျှင် ယနေ့တွင် ပြောင်းလဲနေသည်ဟု ထင်နေရသော အရာ များသည် နောင်အခါတွင် သိပ်အရေးမပါသလောက် ဖြစ်သွားနိုင်သည်။ ယနေ့ ရှင်း၍မရသော ပြဿနာများ သည် နောင်အခါပို၍ ရှုပ်ထွေးလာနိုင်ပေသည်။
ကျွန်တော်သည် ၃၁.၁.၂၀၁၄ ရက်ထုတ် မဇ်္စျိမသတင်းစာပါ ဂျက်ဖရီဂေါ့ဒတ်၏ ဆောင်းပါးထဲမှ ပညာရှင် များကဲ့သို့ ပညာရှင်မျက်စိနှင့်ကား မသုံးသပ်တတ်ပါ။ သို့ရာတွင် မြန်မာ့နိုင်ငံရေးကို ကြံုတွေ့မြင်လာခဲ့ရ သော မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်မူ သမ္မတဦးသိန်းစိန်နှင့်တကွ စစ်ဘက်ခေါင်းဆောင် အများ အပြားတို့၏ အပြောင်းအလဲသည် အခြေခံကိုပါ ပြောင်းလဲချင်တာ ဟုတ်ရဲ့လားဟု ရိုးရိုးလေးပင် သံသယ ဖြစ်ပါသည်။
ကျွန်တော်တို့ မြင်တွေ့လာရသော သမိုင်းအရ တပ်မတော်သည် ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သော၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး အရယူပေးခဲ့သော ခေါင်းဆောင်ကြီးများ ရေးဆွဲပြဋ္ဌာန်းသွားသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သော အဖွဲဲ့အစည်းအဖြစ် မှ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ထိုဥပဒေကိုဖျက်၍ မြန်မာ့နိုင်ငံရေးကို ဦးဆောင်သော အဖွဲ့အစည်းအဖြစ်သို့ ရောက်လာခဲ့သည်။
တပ်မတော်သည် ဒီမိုကရေစီနိုင်ငံများ၏ အခြေခံမူအတိုင်း Subordinate to civil authority အဖြစ်မှ(၀ါ) ပြည်သူတွေ ရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရ၏ လက်အောက်ခံအဖြစ်မှ ပြည်သူတို့အား ရွေး ချယ်ထားသော အစိုးရကို ဖြုတ်ချကာ (ငါ့ကို ရွေးချယ်ကြ)၊ (ငါရေးဆွဲသော ဥပဒေကို ထောက်ခံမဲပေးကြ) ဟူသော ဒီမိုကရေစီအာဏာရှင် ဖြစ်လာခဲ့သည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်၍ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြဋ္ဌာန်းကာ ဒီမိုက ရေစီပုံသဏ္ဍာန်ဆောင်သော ပြည်သူ့ကောင်စီ ရွေးချယ်တင်မြှောက်ပွဲများမှာ အနှစ်သာရအားဖြင့် (ငါ့ကို ရွေးချယ်ကြ) ဟူသော ဒီမိုကရေစီ အာဏာရှင်စနစ်ပင် ဖြစ်သည်။
အမည်နာမအားဖြင့် ဘယ်လိုပင် ကင်ပွန်းတပ်ထားသည်ဆိုစေ အတွင်းအနှစ်သာရအားဖြင့် ပြည်သူတို့၏ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ထားသော အာဏာရှင်စနစ်ဖြစ်နေလျှင် ထိုစနစ် ဖြင့် နိုင်ငံကိုတိုးတက်အောင် မလုပ်နိုင်ပါ။ ဤအချက်ကို ကမ္ဘာ့သမိုင်းက သက်သေခံပြီး ဖြစ်သည်။
၁၉၆၂ ခုနှစ်နောက်ပိုင်း အနှစ် ၅၀ကျော် မြန်မာ့သမိုင်းကလည်း တပ်မတော်ခေါင်းဆောင်များကဘာယုတ္တိ အကြောင်းပြချက်တွေနှင့် ပြည်သူတွေကိုပြပြ ထိုအကြောင်းပြတွေကို ပြည်သူတို့က မယုံနိုင်ကြောင်း၊ပြည် သူတို့၏ဘဝသည် ဖွပ်သထက် ညစ်လာခဲ့သည်ကိုသာ တွေ့ရကြောင်းကို သက်သေပြပြီး ဖြစ်သည်။
အနှစ်သာရအားဖြင့် စစ်အာဏာရှင် ဖြစ်နေခဲ့သော မဆလလည်း တိုင်းပြည်ကို တိုးတက်အောင် မဆောင် ရွက်နိုင်၊ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အပီအပြင် စစ်အာဏာရှင် ဖြစ်ခဲ့သော နဝတ / နအဖ ခေါင်း ဆောင်ကြီးများလည်း (ကိုယ်တိုင်သာ ချမ်းသာသွားလျှင် ချမ်းသာသွားမည်) တိုင်းပြည်ကိုတိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်းတို့မှာ သမိုင်းသက်သေခံထားသည့် ငြင်းမရသောအချက်များ ဖြစ်ပါသည်။
သို့ဖြစ်လျှင် နိုင်ငံအကျိုးအတွက် တကယ်ပဲ စေတနာကောင်းဖြင့် ပြောင်းကြမည်ဆိုပါက အဘယ်ကြောင့် အခြေခံကျသော အပြောင်းအလဲကို မလုပ်နိုင်ကြပါသနည်း။သမ္မတကြီးပြောသည့် ဒီမိုကရေစီတွင် သဘောထား ကွဲလွဲခွင့် ရှိပါသည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မည်ဆိုလျှင်လည်း ဥပဒေဘောင်အတွင်း ကပဲ ပြင်ပါဟူသော သဘောအဓိပ္ပာယ်မျိုးပါသည့်စကားသည် နားထောင်ရတာ ညက်ညောသော်လည်း အနှစ်သာရအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ကြနှင့်ဟု ပြောသလိုပင်ဖြစ်နေသည်ဟု အဓိပ္ပာယ်ကောက် ရဖို့သာ ရှိပါသည်။
၂၀၀၈ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ပါ ပြဋ္ဌာန်းချက်အရဆိုလျှင် သိကြားမင်းက ပါတီဆင်းထောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲ လုပ်ဖြစ်လို့ ၀င်ပြိုင်သည့်အခါ လွှတ်တော်နှစ်ရပ်ရှိ နေရာအားလုံးမှာနိုင်သည် ဆိုစေဦး။ ကာ/ ချုပ်က သဘောမတူလျှင် ဦးမာဃ ၂၀၀၈ ဖွဲ့ စည်းပုံကိုပြင်ဖို့ မတတ်နိုင် ဖြစ်ပါမည်။
၂၀၀၈ ဖွဲ့စည်းပုံကို မပြင်လိုခြင်းသည် အခြေခံအတွေးအခေါ်ကိုတော့ဖြင့် မပြောင်းလဲနိုင်ဟု အဓိပ္ပာယ်ရ ပါသည်။ ယခုအခါ သမ္မတကရော ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ကာ/ချုပ်တို့ကပါ ထို ဥပေဒကို မပြင်နိုင်သေးကြောင်း (စကားဝေါဟာရ ဘယ်လိုပင်သုံးသုံး အဓိပ္ပာယ်အားဖြင့်) ငြင်းဆိုထားပြီးလည်း ဖြစ်ရာ အခြေခံကျသော ပြောင်းလဲမှုကိုလုပ်ဖို့ မစဉ်းစားသေးကြောင်း ထင်ရှားနေပေပြီ။
အထက်ဖော်ပြပါ မတ်လ ၃၁ ရက်ထုတ် မဇိ်္စျမသတင်းစာထဲမှ ဆရာကျော်ဝင်းနှင့် တွေ့ဆုံးမေးမြန်းခန်း တွင် ဆရာကျော်ဝင်း ဖြေသော စကားတစ်ခွန်းကို သတိပြုမိသည်။ “မဟာဗျူဟာ သဘောဆောင်တဲ့ နိုင်ငံ ရေး ပဋိညာဉ် တစ်ခုရှိဖို့ လိုတယ်” ဟူသော စကား ဖြစ်ပါသည်။ သမ္မတဦးသိန်းစိန်နှင့် စစ်ဘက်ခေါင်း ဆောင်များသည် အခြေခံကိုပြောင်းဖို့ မကြိုးစားဘဲ ဒီမိုကရေစီ အင်အားစုတွေကို “ချွေးသိပ်” တာမျိုးပဲ စဉ်း စားတာများလာလျှင် “ချွေးငုပ်” သွားနိုင်တာကိုပါ ထည့်စဉ်းစားသင့်သည်။
ပြည်သူတို့ လိုလားချက်အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို ယခု မပြင်နိုင်သေးဟုဆိုတောင် အကျိုးအကြောင်းပြ ၍ ဘယ်နှစ်၊ ဘယ်အချိန် လောက်တော့ ပြင်နိုင်ကောင်းရဲ့ ဟူသော မျှော်လင့်ချက် ကလေးလောက်တော့ ပေးသင့်သည်။
ထိုမျှလောက်သော မျှော်လင့်ချက် ကလေးတောင် မပေးနိုင်ဟုဆိုပါလျှင် ယနေ့ တွေ့နေရသော ပြုပြင် ပြောင်းလဲမှုများသည် အခြေခံကို မပြောင်းရရေးအတွက် (၀ါ) စစ်ဘက်ခေါင်းဆောင်များက ငြိမ်းချမ်းစွာ အာဏာဆက်ယူထားရေးအတွက် ပြောင်းလဲပြနေရော့လားဟု ပြည်သူများက သံသယဝင်ဖွယ် ရှိနေ သည်။
ပြည်သူများသည် ဦးသိန်းစိန်ကဲ့သို့သော ခေါင်းအေးသော ခေါင်းဆောင်တစ်ဦး ရရှိလာခြင်းကို အားတက် နေမိကြရာမှ ဦးနေဝင်းလို ခေါင်းမာသော ခေါင်းဆောင်မျိုးများ ဖြစ်လာလေတော့မလားဟု စိုးရိမ်ရသော အဖြစ်သို့ ရောက်မလာပါရစေနဲ့ဟု ဆုတောင်းမိပါသည်။