အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းတို့ နယ်စပ်ဒေသ ကျန်းမာရေးကဏ္ဍ ပူးပေါင်းရန် သဘောတူ

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းတို့ နယ်စပ်ဒေသ ကျန်းမာရေးကဏ္ဍ ပူးပေါင်းရန် သဘောတူ
by -
မဇ္ဈိမ

 နယ်စပ်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းတို့ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူညီမှုရရှိခဲ့သည်ဟု မဲဆောက်ရှိ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က ပြောသည်။

အစိုးရကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု ကျန်းမာရေးအဖွဲ့အစည်းတို့ မတ်လ ၃၁ ရက်မှ ဧပြီ လ ၁ ရက်ထိ နှစ်ရက်ကြာဆွေးနွေးခဲ့သည့် “ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးနီးနှောဖလှယ်ပွဲ” တွင် သဘော တူညီခဲ့ခြင်းဖြစ်သည်။

“နယ်စပ်ဒေသ ကျန်းမာရေးလုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါမှာ တဖက်နဲ့ တဖက် အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှု ရဖို့ ဆက်လက် ထိတွေ့ ဆက်ဆံကြဖို့နဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ရှေ့လုပ်ငန်းစဉ်တွေ အပြင်၊ ဖက်ဒရယ် ပြည်ထောင်စုအတွက် ကျန်းမာရေးမူဝါဒတွေ ရေးဆွဲဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ သဘောတူညီချက်တွေ ရပါတယ်”ဟု ပါဝင်ဆွေးနွေးခဲ့သည့် ဒေါက်တာစင်သီယာမောင်က ပြောသည်။

ယင်းအပြင် ပဋိပက္ခဖြစ်ပွားနေသောဒေသနှင့် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသည့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်နေသော  တိုင်းရင်းသားလူမျိုးစု ကျန်းမာရေး အဖွဲ့အစည်းများအား အစိုးရက တရားဝင် အသိအမှတ်ပြုရန် ထိုနှီးနှောဖလှယ်ပွဲပြီး ဧပြီလ ၂ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တွေ့ဆုံဆွေးနွေးမှုများတွင် အထောက်အကူဖြစ်စေပြီး ပြည်နယ်နှင့် ပြည်ထောင်စု၏ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် ကြီးမာသော အထောက်အကူ ဖြစ်စေမည်ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

“နယ်စပ်တလျှောက် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၊ ကျန်းမာရေး culture ရှိနေပြီးသားဆိုတော့ တကယ်လို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စု စနစ်ပုံစံမျိုးနဲ့  ပူးပေါင်းဆောင်ရွက်ဖို့၊ ကျန်မာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ခုလောလောဆယ် ဘာတွေ ပူးပေါင်းနိုင်မလဲ။ တမျိုးသားလုံးဆိုင်ရာ ကျန်းမရေးမူဝါဒ တခုထွက်လာအောင် ကြိုးစားချင်တယ်ဆိုတာ အများအားဖြင့် ဆွေးနွေးသွားတာ ဖြစ်တယ်”ဟု သူက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်၊ ရှမ်း၊ ကရင်နီနှင့် မွန် စသည့် တိုင်းရင်းသားလူမျိုးစု ကျန်းမာရေးအဖွဲ့အစည်းများ၊ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးကွန်ယက် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ၊ မြန်မာနိုင်ငံဆေး ပညာရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုုင်ငံ ကျန်းမာရေးမှူးအသင်း၊ မယ်တော်ဆေးခန်း၊ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့များ အပါအဝင် လူထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိ ပညာရှင်များ စုစုပေါင်း ၉၇ ဦး တက်ရောက်ခဲ့သည်။