ရခိုင်ပြည်နယ်ရှိ လူပေါင်း ၈၄၀,၀၀၀ ကို ကျန်းမာရေးစောင့်ရှောက်ရန် ခက်ခဲနေဟု WHO ပြော

ရခိုင်ပြည်နယ်ရှိ လူပေါင်း ၈၄၀,၀၀၀ ကို ကျန်းမာရေးစောင့်ရှောက်ရန် ခက်ခဲနေဟု WHO ပြော
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း စုစုပေါင်း လူဦးရေ ၈၄၀,၀၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အထူး သဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများ ကြံုနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ကျန်းမာရေးအစုအဖွဲ့ ညှိနှိုင်းရေးမှူး Dr. Liviu Vedrasco က ပြောသည်။

“နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MSF Holland ကို ဖေဖော်ဝါရီလမှာ ရပ်တန့်ပြီးကတည်းက ရခိုင် ဒေသမှာရှိတဲ့ ကျန်းမာရေးစနစ်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။ ခုအချိန်မှာ ရွှေ့ပြောင်းနေရာခံရသူ ၁၄၀,၀၀၀ ထဲက အများစုနဲ့ ရွှေ့ပြောင်းနေထိုင်သူများစခန်း အပြင်ဘက်မှာ နေတဲ့ ထိခိုက်လွယ်တဲ့ လူ ပေါင်း ရ၀၀,၀၀၀ အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့ ခက်ခဲနေပါတယ်”ဟု မဇ္ဈိမကို ပြော သည်။

ထို့ကြောင့် အကူအညီပေးရေးအဖွဲ့အစည်းများသည် ပြည်နယ်အတွင်းရှိ ထိခိုက်လွယ်သော လူထုအတွက် အရေးပေါ်ဝန်ဆောင်မှုများ ပေးရန် ဖြစ်နိုင်လျှင် လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်စတင်ရန် ဆန္ဒ ရှိကြောင်း Dr. Liviu Vedrasco က ဆက်လက်ပြောဆိုသည်။

ကူညီပေးရေးလုပ်ငန်းများ ပြန်စနိုင်ရန် အစိုးရဘက်မှ အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ၀န်ထမ်းများ၏ လုံခြုံ ရေးအတွက် အာမခံပေးရန် လိုအပ်သည်ဟုလည်း ထောက်ပြပြောဆိုသည်။

“ကျွန်တော်တို့က အစိုးရကို လာရောက် ကူညီတာပါ။ ထိလွယ်ခိုက်လွယ်တဲ့ လူဦးရေတွေအတွက် တကယ်အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနေတာဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အလုပ်လုပ်ခဲ့သော ကျန်းမာရေးနှင့်သက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများ မှာ ပုံမှန်အားဖြင့် တစ်လလျှင် လူနာ ၄၀၀ အတွက် အရေးပေါ်ဆေးကုသမှု လွှဲပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ဧပြီလ ၂ ရက်တွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ခြောက်သွေ့ရာသီ ရောက်လာသဖြင့် ရွှေ့ပြောင်းနေထိုင်သူများ စခန်း များတွင် ရေရရှိနိုင်မှုမှာ အရေးပေါ်အခြေအနေဖြစ်လာနိုင်ကြောင်း၊ အထူးသဖြင့် ပေါက်တောမြို့နယ်တွင် ရေရှားပါးမှုနှင့် ပိုမိုကြံုနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လာမည့်နှစ်ပတ်အတွင်း မက်ထရစ်တန်ပေါင်း ၁,၃၀၀ ရှိသော အစားအစာများ ဖြန့်ဝေရန်လိုအပ် ပြီး၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သော အဖွဲ့များမရှိပါက ထိုပြဿနာမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေ ကြောင်း ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူး Ms Renata Dessallien နှင့် အခြားကုလသမဂ္ဂအဖွဲ့အစည်းမှ အ ကြီးအကဲများ စစ်တွေသို့ သွားရောက် လေ့လာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့အနေနဲ့ မြန်မာဘက်က အာဏာပိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အာဏာပိုင်တွေအနေနဲ့ ကူညီကယ်ဆယ်ပေးရေးဝန်ထမ်းတွေရဲ့ လုံခြံုစိတ်ချရမှုအတွက် နိုင်ငံတ ကာစံနှုန်းတွေနဲ့အညီ ဖြစ်ရပါမယ်လို့ အာမခံခဲ့ပါတယ်။ ကျွန်မတို့အတွက် အဓိကအရေးကြီးတာက အစိုး ရအနေနဲ့ တစ်ထောင်ကျော်ရှိတဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ၀န်ထမ်းတွေကို နေရာပြန်ချ ထားဖို့ လိုအပ်တာတွေ ကူညီပေးဖို့ပဲဖြစ်ပါတယ်။ ဒါမှ ထိခိုက်လွယ်တဲ့ လူထုအားလုံးကို ကူညီပေးနိုင်မှာ ပါ”ဟု Ms Renata က ပြောသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Kelland Stevenson ကလည်း “မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ် အကူအညီတွေကို ပြန်လည်စတင်ဖို့အတွက် လုံခြံုစိတ်ချရတဲ့ပတ်ဝန်းကျင် တစ်ခုကို ချက်ခြင်းပြန်ပြီး မစတင်နိုင်ဘူးဆိုရင် လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေကို ပိုဆိုး ရွားလာပြီး ကလေးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို ဘေးအန္တရာယ် ပိုကြီးမားစေမှာပါ”ဟု ပြောသည်။

ဧပြီလ ၂ ရက်တွင် ရခိုင်အစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ပိတ်ထားခဲ့ရသော ကုလသမဂ္ဂရုံးများ အပါအဝင် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးများကို ဧပြီလ ၂၁ ရက်ဝန်းကျင်တွင် ပြန်လည် ရုံးထိုင်ခွင့်ပြုမည်ဟု မဇ္ဈိမကို ပြောဆိုထားသည်။

Most read this week