ချင်းပြည်နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် နီကယ်သတ္တုတူးဖော်ရန် ပြင်ဆင်နေသည့် တရုတ်ကုမ္ပဏီ Zijin Mining Group ကို ပြည်ထောင်စု သတ္တုတွင်းဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်ချပေးထားခြင်းမရှိသေးဟု ကုမ္ပဏီ၏ ဘူမိဗေဒအရာရှိ ဦးလေးမြင့်က ဧပြီလ ၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကို အမြန်ဆုံး ဆောင်ရွက်ချင်ပါတယ်။ ခွင့်ပြုချက်မရရှိသေးလို့ပါ”ဟု ၎င်း က ဆိုသည်။ စီမံကိန်းကို ကန့်ကွက်သည့် ဒေသခံတို့ကမူ ကုမ္ပဏီသည် ယနေ့အထိ စီမံကိန်းအကြိုလုပ် ငန်းများ လုပ်နေသည်ဟု ဆိုသည်။
“စီမံကိန်းလုပ်ပြီးရင် တိုင်းပြည်အတွက်အကျိုးမရှိ၊ ချင်းပြည်အတွက် အကျိုးမရှိတော့ မလုပ်စေချင်ဘူးပေါ့။ နောက်ပြီး တောတွေတောင်တွေက သစ်ပင်တွေလို ပြန်ပြီး စိုက်ရတာလည်းမဟုတ်ဘူး။ စီမံကိန်းတွေ ဆောက်လုပ်လို့ ပြဿနာတွေ ပဋိပက္ခတွေဖြစ်မှာလည်း ကြောက်ရတယ်”ဟု မြွေတောင်ဒေသခံ မြလင်း ကျေးရွာမှ ဦးအိုက်လုံက ဆိုသည်။
တရုတ်ကုမ္ပဏီ၏ အကျိုးအမြတ်ခွဲဝေမှုကို Zijin ၀က်ဘ်ဆိုဒ်၌ ဖော်ပြထားမှုအရ မြန်မာဘက်မှ ၂၀ ရာခိုင် နှုန်းသာ ရရှိမည် ဖြစ်သည်။ ဒေသခံပြည်သူနှင့် နိုင်ငံရေးပါတီတို့က ထိုသို့ ငွေကြေးအကျိုးအမြတ်နည်းပါး ခြင်းအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သဖြင့်ဟုဆိုကာ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ကန့်ကွက်ထားသည်။
လက်ရှိတွင် စီမံကိန်းအနီးရှိ ကလေးမြို့ဒေသခံတို့ကို စီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ နယ်ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ တရုတ်ကုမ္ပဏီ ဘက်မှ လိုက်လံစည်းရုံးနေသည်ဟု ချင်းတောင် သယံဇာတစောင့်ကြည့်ရေးအဖွဲ့မှ ကိုထားဟောင်က ဆိုသည်။
“အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာဆိုရင် စီမံကိန်းကို ပြည်နယ် အစိုးရတွေက စီမံပိုင်ခွင့်ရှိတယ်။ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်၊ စီမံပိုင်ခွင့်၊ စောင့်ကြည့်ပိုင်ခွင့်ပေးမှ ဒေသခံတွေရဲ့ အလုပ်ကိုင်ရရှိမှုကအစ အဆင်ပြေလာမယ်”ဟု ၎င်းက ဆိုသည်။
စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ဥပဒေဘောင်အတွင်းနှင့် လွှတ်တော်များအတွင်းရောက် ရှိစေသည်အထိ ကန့်ကွက်သွားမည်ဟု ဆိုသည်။