တိုက်ခိုက်ခံ အင်န်ဂျီအိုအဖွဲ့များ ရခိုင်၌ အကူအညီ ပြန်ပေးနိုင်တော့မည်

တိုက်ခိုက်ခံ အင်န်ဂျီအိုအဖွဲ့များ ရခိုင်၌ အကူအညီ ပြန်ပေးနိုင်တော့မည်
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရမှုများကြောင့် ရုံးများပိတ်ထားခဲ့ရသည့် ကုလသမဂ္ဂ အကူအညီပေး ရေးအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးများကို ယခုလ နောက်ဆုံးပတ်တွင် ပြန်လည် ဖွင့်လှစ်ကာ အကူအညီပေးရေးလုပ်ငန်းများ ပြန်လည် စတင်တော့မည်ဖြစ်သည်။

မတ် ၂၆ နှင့် ၂၇ ရက်တို့တွင် တိုက်ခိုက်ခံခဲ့ရမှုများကြောင့် ရုံများပိတ်သိမ်းကာ စစ်တွေမြို့မှ ထွက်ခွာခဲ့ရ သည့် အကူအညီပေးရေးအဖွဲ့များကို ဧပြီ ၂၁ ရက်ဝန်းကျင်တွင် ပြန်လည် ရုံးထိုင်ခွင့်ပြုမည်ဟု ရခိုင်အစိုး ရပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ဧပြီ ၂ ရက်တွင် ပြောသည်။

“ပြန်ဝင်လာတဲ့အခါ ကုလသမဂ္ဂအပါအဝင် တခြားအဖွဲ့တွေ အားလုံး ပါလာမယ်”ဟု ဦးဝင်းမြိုင်က ပြောသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ရုံးအားလုံးကို သော့ခတ်ပိတ်သိမ်းထားပြီး ၀န်ထမ်းအချို့ကိုမူ စစ်တွေဟိုတယ်နှင့် ရဲရိပ်သာတွင် လုံခြံုရေးများနှင့် ထားရှိကာ အများစုကိုမူ ရန်ကုန်သို့ ပို့ထားပြီးဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ထွက်ခွာသွားသည့်အဖွဲ့များတွင် နားလည်မှုစာချွန်လွှာ၌ပါရှိသည့် အချိန်ကာလ မပြီးဆုံးသေးသည့် အဖွဲ့အစည်းများ ရှိနေသေးပြီး စစ်တွေမြို့ပေါ်တွင်လည်း ၀န်ထမ်း ၂၀ ကျော် ရှိနေသည်။

အဆိုပါအဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်လာပါက အစိုးရကဖွဲ့စည်းထားသည့် အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate Center) ထံ ၎င်းတို့၏ လုပ်ငန်း အစီအစဉ်များကို ချပြရမည်ဖြစ် ပြီး ECC က လက်ခံမှ ရုံးထိုင်ခွင့်ရှိမည်ဖြစ်သည်။

“အရင်တုန်းက ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးထားတယ်ဆိုပြီး ၀င်လာတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်လိုထိုးထားတယ်။ အဲ့လိုတွေ အများကြီးပဲ။ ဒါပေမဲ့ အဖွဲ့တွေသာ ၀င်လာတယ်။ ပြည်နယ်အစိုးရက ဘာမှမသိဘူး။ ဒါကြောင့် ပြဿနာတွေဖြစ်လာတာ”ဟု ဦးဝင်းမြိုင်က ပြောသည်။

အရေးပေါ်ညှိနှိုင်းရေးဗဟိုဌာနကို ယခင်က အစိုးရဝန်ထမ်းများနှင့် ဖွဲ့စည်းထားခဲ့သော်လည်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ကို ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ရခိုင်ဒေသခံ ရပ်မိရပ်ဖများကို ECC တွင် ပါ၀င်ရန် အစိုးရက ကမ်းလှမ်းခဲ့သည်။

“သူတို့ ဘာတွေလုပ်မှာလဲဆိုတာ ကွဲကွဲပြားပြားသိရဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် MSF လို ပြဿနာတွေ ပြန် ဖြစ်လာနိုင်တယ်”ဟု ECC တွင်ပါ၀င်သူ စစ်တွေမြို့ ရပ်မိရပ်ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကဲ့သို့ ထောက်ပံ့ရေးအဖွဲ့များ မရှိတော့သည့်အတွက် ဘင်္ဂါ လီဒုက္ခသည်စခန်းများတွင် ယခင် ဆန်တစ်ပြည် ၅၀၀ ခန့်မှ ယခု ကိုးရာအထိ စျေးတက်သွားပြီး စစ်တွေ မြို့အနီး ဒါးပိုင်နှင့် သဲချောင်းတို့မှ ဒုက္ခသည်အချို့ကို ရန်ကုန်အခြေစိုက် လူမှုကွန်ရက်အချို့က ထောက်ပံ့ လျက်ရှိသည်။

မတ်လ ၂၆ ရက်ညက အင်န်ဂျီအိုရုံးများနှင့် ယူအင်န်အဖွဲ့အစည်းများငှားရမ်းထားသည့် စစ်တွေရှိနေအိမ် အဆောက်အအုံများကို တိုက်ခိုက်ခံခဲ့ရခြင်းအတွက် အချိန်မီမထိန်းချုပ်နိုင်ခြင်းသည် လုံခြံုရေးအဖွဲ့များ၏ အားနည်းချက်ဖြစ်သည်ဟု ထိုအချိန်က စစ်တွေမြို့တွင်ရှိနေသော ရခိုင်အမျိုးသားပါတီ (ANP) ၏ ပထမ ခေါင်းဆောင် ဦးအေးသာအောင်က ဝေဖန်ပြောဆိုသည်။

ပဋိပက္ခတွင် ကလေးငယ်တစ်ဦး သေဆုံးသွားပြီး လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်ကြောင့် ဖြစ်ခဲ့ရ သည်ဟု ဦးအေးသာအောင်က ထောက်ပြသည်။

“ပြဿနာဖြစ်တဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ပဲရှိတဲ့ လူစုလူဝေးကို ခွဲလိုက်မယ်၊ အရေးယူမယ်ဆိုရင် ကလေးမတစ်ဦးလည်း သေစရာမလိုပါဘူး၊ အဆောက်အအုံတွေလည်း ပျက်စီးမှာမဟုတ်ပါဘူး။ လုံခြံု ရေးတာဝန်ယူတဲ့အဖွဲ့ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ပဋိပက္ခများနှင့်ဆက်စပ်ကာ ဧပြီ ၁ ရက်တွင် စစ်တွေမြို့ခံ အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားခြောက်ဦးကို ရဲအင်အား ၅၀ ခန့် ဖမ်းဆီးခဲ့သည်။ ဧပြီ ၂ ရက်တွင် အသက် ရ၀ ကျော် အဘွားအိုတစ်ဦးဖြစ်သူ ဒေါ်မာ အေးကို ပြန်လည်လွှတ်ပေးခဲ့သည်။

“ဖမ်းတာကတော့ ဘယ်ပါတီကမို့၊ ဘယ်သူမို့ဆိုတာ မရှိပါဘူး။ အစိုးရဝန်ထမ်းဆိုရင်လည်း ဥပဒေနဲ့မညီ ရင် ဖမ်းဆီးခံရမှာပဲ”ဟု စစ်တွေပြည်နယ်အစိုးရ ပြန်ကြားရေးအရာရှိ ဦးဝင်းမြိုင်က ဆိုပြီး ၁၂ ဦး ဖမ်းဆီး သွားသည်ကိုလည်း ၎င်းက အတည်ပြုသည်။

ရိက္ခာ ပြတ်လပ်

ပဋိပက္ခဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင်ရှိသည့် ထောင်နှင့်ချီကာ အရေအတွက် ရှိသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေများ ပြတ်လပ်လုနီးပါးဖြစ်နေကြောင်း၊ လူအုပ်စုဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသအတွင်းမှထွက်ခွာခဲ့ရသော အကူအညီပေးရေး အဖွဲ့များ၏ ထွက်ဆိုချက်ကို ကိုးကားလျက် အေအက်ဖ်ပီသတင်းတစ်ရပ်က ရေးသားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသူများသည် လူသားချင်းစာနာမှုအကူအညီ များကိုသာ လုံးလုံးလျားလျား မှီခိုနေခဲ့ကြရာ၊ အကူအညီပေးရေးအဖွဲ့အစည်းများ တိုက်ခိုက်ခြင်းခံရပြီး နောက်ပိုင်းတွင် အကူအညီများ မရရှိနိုင်တော့ဘဲ ဖြစ်နေသည်ဟု အေအက်ဖ်ပီက ရေးသားသည်။

“လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေအပေါ် သက်ရောက်လာတဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ အရမ်းစိုးရိမ်မိပါတယ်”ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးရုံး UNOCHA မှ ပြောရေးဆိုခွင့်ရှိသူ ပီယာပီရွန် (Pierre Peron)က ဆိုသည်။

“လူတွေအတွက် စားနပ်ရိက္ခာနဲ့ ရေ ပြတ်လပ်သွားမယ့် အခြေအနေမျိုးဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ အတွက် ရေတိုဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့ နေ့ရောညပါ အလုပ်လုပ်နေကြပါတယ်”ဟု ပီယာပီရွန်က ဆိုသည်။

ပေါက်တောမြို့နယ်မှ ဒုက္ခသည်စခန်း နှစ်ခုရှိ လူပေါင်း ၁၈,၀၀၀ ခန့်အတွက် သောက်သုံးရေ လက်ကျန် အနေအထားမှာ အကျပ်အတည်းဆိုက်နေသော အခြေအနေတွင် ရှိနေကြောင်း ပီယာပီရွန်က ပြောခဲ့ သော်လည်း၊ အစိုးရလှေများ အသုံးပြုကာ အကူအညီများ ပေးပို့နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြ ကြောင်းလည်း ဆိုခဲ့သည်။

ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေပတ်ဝန်းကျင်ရှိ ကျေးရွာများရှိ လူပေါင်း ၁၇၀, ၀၀၀ ကျော်အတွက် မရှိမဖြစ်လိုအပ်သော အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခွင့်မရ အောင် တားဆီးခြင်းခံရမည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများ စိုးရိမ်နေသည်ဟု လည်း အေအက်ဖ်ပီက ရေးသားထားသည်။

Most read this week