လယ်မြေယာမြေများ၊ ဥယျာဉ်ခြံမြေများနှင့် မြေလွတ်မြေရိုင်းများကို ဂရန်မြေအဖြစ် လျှောက်ထားခွင့် မရှိကြောင်း ဧရာဝတီတိုင်း နယ်စပ်ရေးရာလုံးခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်းက ဧပြီ ၁ ရက်က တိုင်းလွှတ်တော်အထူးအစည်းအဝေးတွင် ပြောကြားလိုက်သည်။
လပွတ္တာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဝင်းက မည်သည့်မြေအမျိုးအစား ကို ဂရန်လျှောက်ထား ခွင့်ရှိပြီး မည်သည့် မြေအမျိုးအစားကို လျှောက်ထားခွင့်မရှိသနည်း၊ လျှောက်ထားခွင့်မရှိသော မြေများကို လျှောက်ယူရရှိထားမှုများ ပြန်လည်ရုတ်သိမ်းနိုင်မှုရှိ/မရှိ လွှတ်တော်သို ့မေးခွန်းမေးမြန်းခဲ့ခြင်းအပေါ် ၀န်ကြီးက ပြန်လည်ပြောကြားလိုက်ခြင်းဖြစ်သည်။
“လယ်မြေယာမြေ၊ဥယျာဉ်ခြံမြေ၊မြေလွှတ်မြေရိုင်းမြေများကို ဂရန်လျှောက်ထားခွင့်မရှိပါဘူး။ ထိုမြေများကို အခြားနည်း အသုံးပြုရန် လယ်ယာမြေ မှတ်ပုံတင် (လယ-၂၉၊၃၀) လျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက မြေငှားဂရန်လျှောက်ထားနိုင်ပါတယ်” ဟု ၄င်းက ဖြေကြားသည်။
ထို့အပြင် အစိုးရချပိုင်ခွင့်ရှိသော မြို့မြေ၊ လူနေထိုင်ရန်၊ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်လည်း ဂရန်လျှောက်ထား နိုင်သကဲ့သို့ စည်ပင်မြေများပြည်သူအကျိုးပြုရန်နှင့် အခွန်လွှတ်မြေ သာသနာမြေအမျိုးအစားများလည်း ဂရန်လျှောက်ထားနိုင်သည်ဟု ဆိုသည်။
မြေဌားဂရန်လျှောက်ထားရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ကောလိပ်တော်အရာရှိထံသို ့လျှောက်ထားရပြီး လျှောက်လွှာတွင် ၅၀၀ကျပ်တန်ရုံအခွန်တော် တံဆိပ်ကပ်ရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ် ၊အလုပ်အကိုင်နှင့် လျှောက်ထားမြေကို မည်ကဲ့သို ့အသုံးချရန်ရည် ရွယ်ကြောင်း၊ မြေစာရင်းဦးစီးဌာနမှရေးဆွဲပေးသည် ့၁၀၅၊၁၀၆ မြေပုံ လျှောက်ထားမြေပေါ်တွင် ထုတ်လုပ်နေထိုင်မည့် အဆောက်အဦးပုံစံ စသည့်အချက်များပါ အချက်(၈) ချက်ကို ခရိုင်အုပ်ချုပ်ရေးမှူး ထံလျှောက်ထားရမည်ဖြစ်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ စိစစ်ခြင်း၊ကန့်ကွက်လွှာခေါ်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက်ရှင်းလင်းသည်။
လျှောက်ထားခွင့်မရှိသော မြေအမျိုးအစားများကိုလည်း လျှောက်ထားခွင့် ထုတ်ပေးခြင်းမရှိပဲ ဂရန်စာချုပ်ပါ အချက်များကို လိုက်နာခြင်းမရှိပါက မြေငှားဂရန်စာချုပ်ကို ဖျက်သိမ်းပြီးမြေကို ပြန်လည်သိမ်းဆည်းနိုင်သည်ဟု နယ်စပ်လုံခြံုရေးဝန်ကြီးက ပြောသည်။