အန်ဂျီအို တိုက်ခိုက်ခံရမူနှင့် ဆက်စပ်၍ ၁၂ ဦးကို စစ်တွေတွင် ဖမ်းဆီး

အန်ဂျီအို တိုက်ခိုက်ခံရမူနှင့် ဆက်စပ်၍ ၁၂ ဦးကို စစ်တွေတွင် ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့က နိုင်ငံခြား အန်ဂျီအိုများတိုက်ခိုက်မူနှင့် ဆက်စပ်ပြီး သံသယ ဖြစ်ခံရသူ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးထား သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ အမျိုးသားများမှာ ၁။ ဦးမောင်သိန်း (ဘ) ဦးငလုံးဝေ- ဓညဝတီ (ခ) ရပ်ကွက် ၂။ ဦးမောင်သိန်းဝေ (ဘ) ဦးငလုံးဝေ- ဓညဝတီ (ခ) ရပ်ကွက် ၃။ ဦးမောင်လှချေ (ဘ) ဦးမောင်ထွန်းချေ- ဓညဝတီ (က) ရပ်ကွက်  ၄။ ဦးမောင်လှချေ (ဘ) ဦးလှကျော်ဖြူ- ဓညဝတီ (ခ) ရပ်ကွက် ၅။ ဦးသန်းမောင် (ဘ) ဦးဝေသာအောင်- ဓညဝတီ (ခ) ရပ်ကွက် ၆။ ကိုညီညီစိုး (ဘ) ဦးမောင်မောင်လှ – မကျည်းမြိုင် ရပ်ကွက်တို့ ဖြစ်ကြသည်။

အလားတူ ဖမ်းဆီးခံရသူ အမျိုးသမီးများမှာ ဓညဝတီ (ခ) ရပ်ကွက်မှ ၁။  ဒေါ်ချိုချို (ဘ) ဦးဖိုးထွန်းဦး ၂။ ဒေါ်ခင်နုချေ (ဘ) ဦးကာရီ ၃။ ဒေါ်မအေး (ဘ) ဦးစိန်လှမောင် ၄။ ဒေါ်ခင်မြဝင်း (ဘ) ဦးငလုံးဝေ  ၅။  ဒေါ်သိန်းခင်အေး (ဘ) ဦးစောထွန်းနှင့် ၆။  ဒေါ် ဦးခင်ဝင်း (ဘ) ဦးထွန်းသာစိန် တို့ ဖြစ်ကြသည်။

၄င်းတို့အား လွန်ခဲ့သော တနင်္လာနေ့ ညဉ့် (၁) နာရီ အချိန်တွင် နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ယခုအခါ စစ်တွေထောင်ထဲတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမူကို စစ်တွေခရိုင် ရဲမှူးကြီး ဦးသစ်ဆန်း၊ ပြည်နယ် အထူးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စောမြင့်ဦးတို့ ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်ဖြင့် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းဆီးခံရသူများထဲတွင် အသက် (၅၀) ကျော် အရွယ်များလည်း ပါ၀င်ကြောင်း ဖမ်းဆီးခံရသူ ဦးမောင်သိန်း ၏သား နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက ပြောသည်။

မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ စစ်တွေမြို့ အန်ဂျီအိုများ အတိုက်ခံရမူ ဖြစ်စဉ်တွင် နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ရ လုံး၊ မော်တော်ယာဉ် ၂ စီးပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့သည်။

Most read this week