ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေးကော်မီတီကို တောင်ကုတ်တွင် ဖွဲ့စည်း

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေးကော်မီတီကို တောင်ကုတ်တွင် ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်အမျိုးသား ပါတီ ( ANP) ၏ ပထမဆုံးသော မြို့နယ်စည်းရုံးရေး ကော်မီတီကို တောင်ကုတ်မြို့တွင် ဧပြီလ ၁ ရက်နေ့က စတင် ဖွဲ့စည်းလိုက်သည်ဟု သတင်း ရရှိသည်။

ANP-Taungup-Township

ANP ပါတီ၏ သံတွဲခရိုင်စည်းရုံးရေး တာဝန်ခံ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်နှင့် ဒုတာဝန်ခံ ဦးမျိုးဆွေတို့မှ သွားရောက်  ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကုတ်မြို့နယ်စည်းရုံး ရေး ကော်မီတီ (ပ) ခေါင်းဆောင် အဖြစ် ရွှေးချယ် တင်မြောက်ခံရသူ ဦးမြင့်ဆွေမောင်က နိရဥ္စရာသို့ ပြောသည်။

“ ပထမ ခေါင်းဆောင် အဖြစ် ကျွန်တော် မြင့်ဆွေမောင်ကို ရွှေးချယ်တင်မြှောက်ပါတယ်။ ဒုတိယ ခေါင်းဆောင် အဖြစ် ဦးစောဝင်းကို ရွှေးချယ်တင်မြောက်ခဲ့ကြပါတယ်။ ကော်မီတီ အဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးနဲ့တောင်ကုတ် မြို့နယ် စည်းရုံးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါတယ်” ဟု သူက ဆိုသည်။

ဦးမြင့်ဆွေမောင်မှာ တောင်ကုတ်မြို့နယ် ရခိုင်လူမူကွန်ရက်မှ နာယက ဖြစ်ပြီး ယခုအခါ ANP ၏ မြို့နယ် စည်းရုံးရေး ကော်မီတီကို ဦးဆောင်သွားမည်ဖြစ်သည်။

၎င်းရွေးချယ်တင်မြောက်ပွဲကို တောင်ကုတ်မြို့၊ ဂူတာ ရပ်ကွက်၊ညောင်တန်းလမ်း၊ ယခင် RNDP ရုံးခန်းတွင် ပြုလုပ်ခဲ့ကြသည်။

ယခု ဖွဲ့စည်းလိုက်သော တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အနေဖြင့် တောင်ကုတ်မြို့နယ် ကော်မီတီ ပေါ်ပေါက်ရေးနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် အပါအဝင် စည်းရုံးရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွား မည်ဟု သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲ ကာလအတွင်း NLD ၏ အမာခံနယ်မြေဖြစ် ခဲ့ပြီး ထိုအချိန်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် NLD ကို တောင်ကုတ်မြို့နယ်တွင် ရှံုးနိမ့်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်မူ  ပြိုင်ဘက်ပါတီ မရှိဘဲ ကြံ့ခိုင်ရေး ပါတီက တောင်ကုတ်မြို့နယ်၏ လွှတ်တော်နေရာ အားလုံးကို အနိုင်ရရှိသွားခဲ့သည်။

ရခိုင်အမျိုးသားပါတီသည်  ၂၀၁၅ ခုနှစ် အတွက် ကြိုတင်ပြင်ဆင်မူ အနေဖြင့် ရခိုင်အမျိုးသားများ တစ်ကြိမ် တစ်ခါမျှ အနိုင်မရှိခဲ့ဖူးသော တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စည်းရုံးရေး လုပ်ငန်းများကို အထူး အလေးပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရခိုင်အမျိုးသားစည်းလုံးညီညွှတ်မူမှာ ယခင်က မရရှိခဲ့ဖူးသော အနေအထားမှ ကျော်လွန်ကာ အဆင့် တစ်ခုထိ ရောက်ရှိနေသဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် ရခိုင်အမျိုးသားပါတီအတွက် အလားအလာကောင်းများ ရှိနေကြောင်း လေ့လာ အကဲခတ်သူများကပြောဆို သည်။

ရွှေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  အရည်အချင်းရှိရမည့် အပြင် ရိုးသားဖြောင့်မတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေး အခင်းအကျင်းလည်းကောင်းမွန်ပြီး အများပြည်သူတို့  ယုံကြည်စိတ်ချရသူ ဖြစ်မှ နိုင်မည် ဖြစ်သဖြင့် လူမှန်နေရာမှန် ဖြစ်ရန် အရေးကြီးကြောင်း ဦးမြင့်ဆွေမောင်က သုံးသပ် ပြောဆိုသည်။

Most read this week