အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းရွေးချယ်မှုကို ရွေးကောက်ပွဲမကျင်းပမီ သုံးလအလိုမှသာ ရွေးချယ်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
မတ်လ ၃၁ ရက်တွင် အင်န်အယ်လ်ဒီ ဗဟိုဌာနချုပ်၌ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအ စည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် အားလုံး တွင် ၀င်ရောက်ယှဉ်ပြိုင်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။
“ကြားဖြတ်ကျင်းပဖို့ကို ကော်မရှင်က ရက်အတိအကျ ကြေညာတဲ့အခါမှ ကိုယ်စားလှယ်လောင်း ရွေးတာ လုပ်မယ်။ အဲဒီအချိန်မှပဲ ကြိုတင်ပြင်ဆင်မှုတွေကိုလည်း လုပ်မယ်။ ကိုယ်စားလှယ်ရွေးတာကိုလည်း ၂၀၁၂ ကြားဖြတ်တုန်းက မူအတိုင်း ရွေးမှာ” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင် ကျွမ်းကျင်မှုဘာသာရပ်အလိုက် တိုင်းရင်းသားအမျိုးသမီးနှင့် လူ ငယ်များကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ တိုင်းရင်းသားနှင့် အခြားကိုယ်စားလှယ်လောင်းများ အရည်ချင်းတူများဖြစ်နေပါက တိုင်းရင်းသားအမျိုးသမီးနှင့် လူငယ်တို့ကို ဦးစားပေးရွေးချယ်မည်ဟု ဦးဝင်း မြင့်ကပြောသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များမှ တင်ပြလာမှုများကို ပါတီဗဟိုက စိစစ်ပြီး ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်သည်။
လစ်လပ်မဲဆန္ဒနယ်များဖြစ်သည့် ကချင်ပြည်နယ်မြို့နယ်အချို့တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မပြု လုပ်ခဲ့ခြင်း၊ အချို့တိုင်းနှင့်ပြည်နယ်များမှ အမတ်များသည် အစိုးရအရာရှိများဖြစ်သွားခြင်း၊ သေဆုံးမှုရှိခြင်း တို့ကြောင့် လစ်လပ်လျက်ရှိသည်။ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်တို့တွင် လစ်လပ် ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် မဲဆန္ဒနယ် စုစုပေါင်း ၃၁ နေရာရှိသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရက်ကို မကျင်းပမီ သုံးလအလိုတွင် ကြေညာပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာနမှ သိရသည်။