အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ RCSS/SSA တက်ရောက်မည်

အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ RCSS/SSA တက်ရောက်မည်
by -
မဇ္ဈိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် မူကြမ်း ရေးဆွဲရေးဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA) တက်ရောက်ရန် ဧပြီလ ၁ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်ဟု  RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွွင် ဧပြီလပထမပတ်အတွင်းကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် RCSS/SSA ၏ ဌာနချုပ် ရှမ်းပြည်နယ် လွယ်တိုင်းလျန်းဒေသတွင် ဗဟိုကော်မတီဝင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“တက်ဖို့ ဆုံဖြတ်ထားပါတယ်။ မနေ့က ဌာနချုပ်မှာ ဗဟိုကော်မတီဝင်တွေ ကျင်းပတဲ့ စည်းဝေးမှာ ဆုံးဖြတ်ချက် ချတာပါ။ မနက်ဖြန်တော့ ကျနော်ကိုယ်စားပြုပြီး သွားမှာပါ။ သွားပြီးလေ့လာရုံပါဘဲ။ ဘာလို့လဲဆိုတော့ ဒီစာချုပ် ချုပ်ဆိုဖို့ကျနော်တို့ သဘောထားတွေ ပေးဖို့ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ သဘာထား၊ မူနဲ့ မဆန့်ကျင်ဘူး ဆိုရင်တော့ လက်မှတ်ထိုးဖို့အသင့်ပါ”ဟု ဗိုလ်မှူးကြီး စိုင်းလှက မဇ္စျိမကို ပြောသည်။

RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလှ အပါအဝင် ကိုယ်စားလှယ် ၃ ဦး သွားရောက်မည် ဖြစ်ကြောင်း သူက ဆိုသည်။

ဧပြီလ ၅ ရက်နှင့် ၆ ရက်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT မှ ကိုယ်စား လှယ်များ ၉ ဦးနှင့် အစိုးရ ကိုယ်စားလှယ် ကိုးဦးတို့ ပူးပေါင်း၍ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲ ရေး မူကြမ်းရေးရန် အစည်းအဝေး ကျင်းပကြမည် ဖြစ်သည်။

ထိုအစည်းအဝေးသို့ NCCT အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၅ ဖွဲ့အား အစိုးရမှ ဖိတ်ကြားခဲ့ရာ RCSS/SSA အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီိုကရေစီ သွေးစည်းညီညွှတ်ရေး တပ်မတော်(မိုင်းလား)နှင့် နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K) တို့ ကို ဖိတ်ကြားထားသည်။ အခြား UWSA နှင့် ABSDF အဖွဲ့များကလည်း ၄င်းအစည်းအဝေး တက်ရောက် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော NCCT  အဖွဲ့ဝင် ၁၅ ဦးက ဧပြီလ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့ NCCT တွေ အားလုံး ၁၅ ဦး တက်ကြမယ်။ ကိုးကန့်က မတက်ဖြစ်ဘူး။ မနက်ဖြန်အားလုံးထွက် ကြမယ်။ ဒိီတခေါက်တော့ မူကြမ်းရေးရတော့မယ်။ ဒါပေမဲ့ ကျနော်တို့ အခန်းခုနှစ်ခန်းနဲ့ ကိုက်ညီတဲ့ မူကြမ်းကို ပြင်ဆင်ထားပါတယ်၊ ရလဒ်ကတော့ မူကြမ်း အကြမ်းတော့ ထွက်လာနိုင်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက် ၁၀ ရက်နေ့က ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် အခန်း ခုနှစ်ခန်းဖြင့် ညှိနှိုင်းရေးဆွဲရန် ဆုံးဖြတ်ချက်အတိုင်း NCCT ကလည်း ရေးဆွဲထားပြီး ဖြစ်သော အခန်းခုနှစ်ခန်းပါ မူကြမ်းအား ပြင်ဆင်ထားသည်ဟု သူက မဇ္စျိမကို ပြောသည်။

မူကြမ်းရေးဆွဲရန်အတွက် NCCT ဒုတိယခေါင်းဆောင် KNUမှ ပဒိုကွယ်ထူးဝင်းကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ် မြောက်ရေး တပ်မတော်(KIA)မှ ဗိုလ်ချုပ် ဂွမ်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်းအရုံး (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ချင်းအမျိုးသား တပ်ဦး(CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ(ANC)မှ ဦးထွန်းဇော်တို့ကို အမြဲတမ်းအဖွဲ့ အဖြစ် ရွေးချယ်ထားပြီး ကျန်နှစ်ဦးကို အလှည့်ကျ ထည့်သွင်းသွားမည် ဖြစ်သည်။

Most read this week