ဧပြီ ပထမအပတ် အစိုးရနှင့်တွေ့ဆုံပွဲတွင် NCCT ဖက်မှ အဖွဲ့ဝင်အားလုံး တက်ရောက်မည်

ဧပြီ ပထမအပတ် အစိုးရနှင့်တွေ့ဆုံပွဲတွင် NCCT ဖက်မှ အဖွဲ့ဝင်အားလုံး တက်ရောက်မည်
by -
နိရဥ္စရာ

လာမည့် ဧပြီလ ၅ရက်၊ ၆ရက်နေ့များတွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပူးတွဲ ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) ဖက်မှ အဖွဲ့ဝင် အားလုံးတက်ရောက် မည်ဖြစ်သည်။

“အဖွဲ့ဝင် ၁၆ ဦး အားလုံး တက်ရောက်မယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၁၉၊ ၂၀ မှာ လုပ်တဲ့ NCCT အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု NCCT အဖွဲ့ဝင် ရက္ခိုင့်တပ်မတော် (Arakan Army) မှ ဒု-ဗိုလ်မှူးကြီး ကျော်ဟန်က နိရဥ္စရာသို့ပြောသည်။

narinjara 02041401

ယင်းပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့ကို NCCT (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) အဖွဲ့ဝင် ၉ ဦး၊ UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) မှ ၃ ဦး၊ လွှတ်တော်မှ ၃ ဦး၊ တပ်မတော်မှ ၃ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းရန် မတ်လ ၉ရက်၊ ၁၀ ရက်နေ့တို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင်သဘောတူညီ ခဲ့ကြသည်။

ဧပြီလ ၅၊ ၆ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ NCCT ဖက်မှ ၁၆ဦး တက်ရောက်မည်ဖြစ်သော် လည်း NCCT ဖက်မှ ရွေးချယ်ထားသည့် ၉ဦးသာ ပါဝင်ဆွေးနွေးမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက နိရဥ္စရာသို့ပြောသည်။

“အဖွင့်ပွဲလေးမှာ ၁၆ဦးစလုံး ထိုင်ကြမယ်။ မိတ်ဆက်ကြမယ်။ အလုပ်လုပ်မယ်၊ မူကြမ်းရေးမယ် ဆိုတဲ့ အချိန်မှာ အဲဒီ ၉ဦးကို ထုတ်ထားခဲ့ပြီးတော့ ကျန်တဲ့လူတွေက လေ့လာသူ လုပ်ရင်လုပ် ပြန်ချင်တဲ့သူ ပြန်ပေါ့။ ၉ဦးကို လာအပ်တဲ့သဘောပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

မတ်လ ၉-၁၀ ရက် MPC ရုံးတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ ပူးတွဲရေးသားပြုစုရေး လုပ်ငန်းအဖွဲ့အတွက် ထည့်ရ မည့် NCCT ကိုယ်စားလှယ် ၉ ဦးမှ ၆ ဦးအတွက် ရ ဦးရွေးချယ်ခဲ့သော်လည်း နိုင်ဟံသာနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာမူ တလှည့်စီ ပါဝင်ကြမည်ဖြစ်သည်။ ကျန်သည့် ၃ ဦးကိုမူ အလှည့်ကျအဖြစ် ဧပြီလ ၁ရက်၊ ၂ရက်နေ့တို့တွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် ရွေးချယ်မည်ဟု သိရသည်။

“မရွေးရသေးတဲ့ ကျန်တဲ့ ၃ဦးကတော့ NCCT အဖွဲ့ဝင် အဖွဲ့တွေထဲက ကျန်တဲ့ အဖွဲ့တွေကပဲ အလှည့်ကျ ရွေးသွားပါမယ်။” ဟု ဒု-ဗိုလ်မှူးကြီးကျော်ဟန်က ဆက်ပြောသည်။

NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး-KNU) ကို အပစ်အခတ် ရပ်စဲရေး မူကြမ်းရေးဆွဲရာတွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ဟံသာ၊ ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွန်မော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အစည်းအရုံး (PNLO) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်၊ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော်တို့ကို အမြဲတမ်းအဖြစ် ရွေးချယ်ထားပြီးဖြစ်သည်။

ရန်ကုန်မြို့ MPC ရုံးတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲမှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ ရေး သဘောတူညီချက် မူကြမ်းကို အခန်း (၇) ခန်းဖြင့် ရေးဆွဲရန် ပမာဏသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့ဝင် ၁၅ဦးနှင့် NCCT ဘက်မှ နိုင်ဟံသာ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

Most read this week