သန်းခေါင်စာရင်းကောက်ခံမှု “၀”ထိန်းချုပ်နယ်မြေပါ ပါ၀င်လာ
“၀” ထိန်းချုပ်ဒေသနှင့် ရှမ်းပြည်နယ်အတွင်း၌နေထိုင်သည့် လားဟူလူမျိုးများကိုလည်း မတ်လ ၃၀ ရက်မှစ၍ သန်းခေါင်စာရင်းကောက်ယူနေသည်ဟု လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) မှ ပြောရေးဆိုခွင့်ရှိ သူ ကြာရင်ရှဲလ်က ပြောသည်။
“၀” ထိန်းချုပ်ဒေသမှာရှိတဲ့ လားဟူလူမျိုးတွေကိုတော့ ပြီးခဲ့တဲ့တစ်ပတ်က ကြိုပြီး ကောက်ယူထားတာရှိ တယ်။ အခုကတော့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လားဟူလူမျိုးတွေကို သန်းခေါင်စာရင်း စကောက်နေပါ တယ်”ဟု ၎င်းက မဇ္ဈိမကို မတ်လ ၃၁ ရက်တွင် ပြောသည်။
ယင်းသို့ကောက်ယူရာ၌ အစိုးရအဖွဲ့အစည်းလက်အောက်ခံ လားဟူ ပြည်သူ့စစ်များက လုံခြံုရေးယူပေးပြီး LDU လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါ၀င်ခြင်းမရှိဟုလည်း ကြာရင်ရှဲလ်က ဆိုသည်။
လားဟူတို့သည် “၀”ထိန်းချုပ်ဒေသနှင့် ရှမ်းပြည်နယ်တွင်းရှိမြို့များတွင် ပြန့်ကျဲစွာ နေထိုင်လျက်ရှိကြောင်း ၎င်းကပြောသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တွင်းရှိ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်တို့၌ နေထိုင်ကြပါသည်။ မြန်မာနိုင်ငံ၌ စုစုပေါင်း လားဟူလူမျိုး နှစ်သိန်းကျော်ရှိကြောင်း ခန့်မှန်းထားသည်။
အစိုးရ၏ လက်ရှိ ဆောင်ရွက်နေသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား မူအရ လက်ခံသော်လည်း လားဟူလူမျိုးကို ရှမ်းမျိုးနွယ်စုထဲမှာ ထည့်ထားခြင်းကို လက်မခံကြောင်း ကြာ ရင်ရှဲလ်က ဆိုသည်။
“ကျွန်တော်တို့ ထုတ်ပြန်ချက် ထုတ်ထားတာလည်း ရှိတယ်၊ ကျွန်တော်တို့ လားဟူလူမျိုးကို ရှမ်းမျိုးနွယ်စု အောက်မှာ ထည့်ထားတာကို လက်မခံဘူး၊ အခုတော့ ပြောရင်လည်း နောက်ကျသလို ဖြစ်နေပြီလေ”ဟု ကြာရင်ရှဲလ်က မဇ္ဈိမကိုပြောသည်။
လားဟူလူမျိုးများသည် စာတတ်မြောက်နှုန်းနိမ့်ပါးခြင်း၊ မြန်မာဘာသာစကား နားလည်တတ်ကျွမ်းမှုနည်း ပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် လူဦးရေစာရင်းကောက်ယူရာတွင် ထိုအခက်အခဲ များ ရင်ဆိုင်ရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ကချင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမှုကုတ်နံပါတ်များ အဆင်မပြေဟုဆို
ကချင်ပြည်နယ်တွင်း သန်းခေါင်စာရင်းကောက်ယူမှုတွင် မျိုးနွယ်စုများကို ကုတ်နံပါတ် ကောက်ယူရာတွင် အဆင်မပြေမှုများရှိနေပြီး ကချင်ပြည်နယ်အတွင်းတွင် သန်းခေါင်စာရင်း စာရင်းပေးမည့်သူ၊ မပေးမည့် သူ၊ ကချင်ကုတ်နံပါတ် ၁၀၁ တွင်သာ စာရင်းသွင်းမည့်သူ ဟူ၍ ကွဲပြားနေသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ မခွန်ဂျာက ဆိုသည်။ ကချင်ကို လူမျိုးအမည်ဖြင့် မပေးထားသောကြောင့် မျိုးနွယ်စုကုတ်များ နှင့် တပြေးညီဖြစ်နေပြီး ယင်းသို့ ထည့်မည်၊ မထည့်မည် ကွဲပြားနေခြင်းဖြစ်သည်။
“လာကောက်မယ့်စာရင်းမှာ ကုတ်က ကချင်-၁၀၁၊ ပြီးတော့ ကချင်ကမျိုးနွယ်စုတွေကို ၁၀၂၊ ၁၀၃စသည်ဖြင့် ဆက်ကောက်တယ်။ အဲဒီမှာ ကချင်က လူမျိုးနာမည်မဟုတ်ဘဲ မျိုးနွယ်စုကုတ်တွေနဲ့ တစ်ပြေးညီ ဖြစ် နေတယ်”ဟု ပြောသည်။
ကချင်တိုင်းရင်းသားများကို သန်းခေါင်စာရင်းကောက်ယူမည့်စာရင်းမှာ ၁၀၁ “ကချင်မှ ကုတ်နံပါတ် ၁၁၂ အထိ ကောက်ယူမည်ဖြစ်ပြီး ကချင်မျိုးနွယ်စုများမှာ ဂျိန်းဖော့၊ လောဝ်ဝေါ်၊ လချိဒ်၊ ဇို်င်ဝါး၊ လီဆူ၊ ရဝန်၊ နုန် လုံမီတို့ဖြစ်သည်။
“မျိုးနွယ်စုတွေက မှားနေတယ်၊ အဲဒီတော့ ဖြည့်မယ့်သူနဲ့ မဖြည့်မယ့်သူနဲ့ မှန်ကန်တဲ့စာရင်းက ဘယ်လိုမှ ထွက်မှာ မဟုတ်ဘူး၊ ပင်မမျိုးရင်းကို ကာကွယ်မယ်ဆိုပြီး ၁၀၁ တို့၊ ၃၀၁ တို့စသဖြင့် ကချင်၊ ကရင်၊ ရှမ်း အဲ့လိုတွေကို မျိုးနွယ်စုနေရာမှာထည့်တော့ မျိုးနွယ်စုငယ် စာရင်းကလည်း အတိအကျ မရနိုင်တော့ဘူး။ မကျေနပ်လို့ ကောက်တဲ့ထဲမထည့်တဲ့သူတွေရှိတော့ စာရင်းက မတိကျဘူး။ မျိုးနွယ်စုငယ်တွေ ကြားထဲ မှာလည်း စိတ်ဝမ်းကွဲမှု ဖြစ်လာနိုင်တယ်”ဟု မခွန်ဂျာက ဆိုသည်။
ချင်းပြည်နယ်တွင်လည်း မျိုးနွယ်စုငယ်များ ကုတ်နံပါတ် မပါ၀င်ဟုဆို
ချင်းပြည်နယ်သန်းခေါင်စာရင်းကောက်ယူမှုတွင် သတ်မှတ်ထားသောကုတ်များတွင် ပါ၀င်ခြင်းမရှိခဲ့သော မျိုးနွယ်စုငယ်များမှာ အဓိကအခက်အခဲနှင့် တွေ့ကြံုနေကြရသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာချင်း အမျိုးသား အထောက်အကူပြုကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းအိုင်းဇက်ခင်က မဇ္ဈိမကို ပြောသည်။
ချင်းတိုင်းရင်းသားလူမျိုးကုတ်မှာ ချင်း- ၄၀၁ ဖြစ်ပြီး အခြားမျိုးနွယ်စုငယ်များကိုမူ ၄၀၂ မှ ၄၅၃ အထိ သတ်မှတ်ထားသည်။
လူမျိုးအမည်ကို ဖြည့်သွင်းရာတွင် သတ်မှတ်ကုတ်တွင် ပါ၀င်ခြင်းမရှိသော မျိုးနွယ်စုငယ်များသည် အခြားဟူသော ကုတ်နံပါတ် ၉၁၄ တွင် ထည့်သွင်းလိုခြင်းမရှိသောကြောင့် ချင်းလူမျိုးကုတ် ၄၀၁ ၏ ဘေးတွင် ကွင်းစကွင်းပိတ်ဖြင့် ၎င်းတို့၏ မျိုးနွယ်အမည်ကို ဖြည့်သွင်းလိုကြောင်း ပြောကြသော်လည်း ခွင့်မပြု ကြောင်းနှင့် ၎င်းတို့ကို ကုတ်နံပါတ်တွင် ပါ၀င်သော မျိုးနွယ်စုများတွင် ဖြည့်သွင်းရန် သန်းခေါင်စာရင်း လာရောက်ကောက်ခံသူများက ပြောဆိုသည်ဟု ဆလိုင်းအိုင်းဇက်ခင်က မဇ္ဈိမကိုပြောသည်။
စစ်တွေတွင် “ရိုဟင်ဂျာ” ဟု ပြော၍ အိမ်ခြေလေးရာကျော် သန်းခေါင်စာရင်း မထည့်ရ
စစ်တွေမြို့နယ်အတွင်းရှိ ဘုမေကျေးရွာနှင့် မန်ကျည်းမြိုင်ကျေးရွာတို့တွင် လူမျိုးအမည်ကို “ရိုဟင်ဂျာ”ဟု ပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းမရှိဟု မဇ္ဈိမက တွေ့ရှိခဲ့သည်။
ဒုတိယနေ့ဖြစ်သည့် မတ်လ ၃၁ ရက်တွင် အဆိုပါကျေးရွာများသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ကောက်ယူရာတွင် အိမ်ထောင်စုအားလုံးက “ရိုဟင်ဂျာ” ဟုပြောသည့်အတွက် သန်းခေါင်စာရင်းတွင် ထည့်သွင်းမှု မရှိခဲ့ခြင်းဖြစ်သည်။
ဘုမေကျေးရွာတွင် အိမ်ခြေ ၂၈၅ လုံးနှင့် မန်ကျည်းမြိုင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသည်။
တစ်နိုင်ငံလုံး ဒုတိယနေ့အဖြစ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ရန်ကုန်တိုင်းအတွင်း၌လည်း ဆက်လက် ကောက်ယူခဲ့သည်။
ယင်းအပြင် ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင်လည်း သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။