ရခိုင်အမျိုးသားညီလာခံ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ရန်ကုန်တွင် ပြုလုပ်

ရခိုင်အမျိုးသားညီလာခံ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ရန်ကုန်တွင် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဧပြီ ၂၇ မှ မေလ ၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် ရခိုင် အမျိုးသားညီလာခံအတွက် ရန်ပုံငွေ ဂီတပွဲတော် တစ်ခုကို ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် မတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဦးဆောင်ကျင်းပသူ ဦးခင်မောင်သန်းက ယခုကဲ့သို့ ဂီတပွဲတော် ကျင်းပရခြင်းမှာ ရန်ပုံငွေအတွက်သာမက အမျိုးသားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရခိုင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

narinjara 0104011403

“ရန်ပုံငွေ ရှာဖွေတဲ့ ဂီတ ပွဲတော်လို့ ဆိုပေမယ့် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ရခိုင်တမျိုးသားလုံး အမျိုးသားရေး လုပ်ငန်းစဉ်တွေမှာ ကျယ်ပြန့်စွာ ပါ၀င်နိုင်ရေး အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမျိုးသားတွေ အများအပြား လာရောက်အားပေးတဲ့ အတွက်လည်း ရခိုင်အမျိုးသားရေးကိစ္စတွေ အပေါ် ရခိုင်အမျိုးသားတွေ ဘယ်လိုစိတ်ဝင်စားမူ ရှိနေတယ်ဆိုတာကို နားလည် သဘောပေါက်နိုင်ပါတယ်” ဟု ယင်းက ဆိုသည်။

၎င်းဂီတပွဲတော်အား ညနေ ရ နာရီခွဲမှ ၁၁ နာရီခွဲထိ ပြုလုပ်ခဲ့ပြီး ပရိသတ် တစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့သည်။

အဆိုပါရန်ပုံငွေ ဂီတ ဖြေဖျော်ပွဲတွင် ဦးမောင်သိန်း၊ ၀င်းကိုခိုင်၊ မြတ်ခိုင်ကျော်၊ ဒိုးရ်ရီ၊ ညီမင်းခိုင်၊ ထက်အောင်ကျော်၊ ညှာစိမ်းခိုင်၊ စိမ်းလဲ့လဲ့၊ ရီလိူင်းပြာ၊ ဆူးသျှားသဇင်တို့ အပါအဝင် ရခိုင်အဆိုကျော် အများအပြား လာရောက် ဖြေဖျော်ခဲ့ကြသည်။

ထို့ပြင်ဂီတဖြေဖျော်ပွဲတော်အတွင်း စေတနာရှင်များမှ ရခိုင် အမျိုးသား ညီလာခံအတွက် ရန်ပုံငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြရာ မလေးရှားရောက် ရခိုင်ပြည်သူများ လူမူရေးအဖွဲ့ကိုယ်စား ဦးစောအောင်မှ ကျပ်သိန်း (၁၀၀)၊ ဦးတိုးနိုင်မန်း (လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသား)မှ ကျပ် သိန်း (၃၀)၊ GM Asaw 99  ကုမ္ပဏီ လီမီတက်မှ ကျပ် သိန်း (၂၀)၊ ဦးသန်းနိုင် ကုမ္ပဏီလီမီတက် (ရသေ့တောင်)မှ ကျပ် (၁၅) သိန်း၊ ဦးစံရွှေနှင့် ဒေါ်နွယ်နွယ်ဦး (ဆန်းသစ် သမင် ကုမ္ပဏီလီမီတက်)မှ ကျပ် (၁၅) သိန်းနှင့် ဒေါက်တာ စောမြအောင် (ဇီဇဝါ ဆေးကုမ္ပဏီ)မှ ကျပ် (၅) သိန်း အသီးသီး ထည့်ဝင် ကူညီလှူဒါန်းခဲ့ကြသည်ဟု သိရသည်။
ယင်းကူညီလှူဒါန်းငွေများကို ရန်ကုန်တိုင်း ရခိုင်တိိုင်းရင်းသားများရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က လက်ခံခဲ့ပြီး အလှူရှင်များသို့ ဂုဏ်ပြု လက်မှတ်များလည်း အသီးသီး ပြန်လည် ပေးအပ်ခဲ့သည်။

၄င်းဂီတပွဲတော်နေ့တွင် ရခိုင်အမျိုးသား ညီလာခံအတွက် ထောက်ပံ့ကူညီငွေ ကျပ်ငွေ သိန်း ၂၅၀ နီးပါးခန့်ထိ ရရှိခဲ့ကြောင်း သိရသည်။
ရန်ပုံငွေ ဂီတပွဲတော်ကို လာရောက်အားပေးသူ တာမွေမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦး မနှင်းနှင်းဝေမှလည်း အမျိုးသားရေး စိတ်ဓါတ်၊ အမျိုးသားရေး အသိတို့ဖြင့် လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ ရခိုင်အမျိုးသား အချင်းချင်း ချစ်ခင် ညီညွှတ်မူကို ယခုထက်မက မြင်ချင်ပါကြောင်း ပြောကြားသွားသည်။

Most read this week