တပ်မတော်က စီးပွားရေးလုပ်နေသောချောင်း ပေါက်တောလယ်သမား ပြန်လည်အသုံးပြုခွင့်ရ

တပ်မတော်က စီးပွားရေးလုပ်နေသောချောင်း ပေါက်တောလယ်သမား ပြန်လည်အသုံးပြုခွင့်ရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဒေသခံ ပြည်သူများ အသုံးပြုသော ချောင်းတစ်ခုအား စစ်အစိုးရ လက်ထက်မှ စတင်ကာ ပိတ်ဆို့ဆည်ဖို့ထားသဖြင့် လယ်ယာထွန်ယက် စိုက်ပျိုးရေးနှင့် သွားလာရေး အတွက် အခက်အခဲ ဖြစ်ပေါ်နေခဲ့ရာ ယင်းချောင်းကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ယနေ့တွင် ဖေါက်ချ လိုက်သည်ဟု သိရသည်။

ချောင်းအား မဖေါက်ချမှီ ရပ်ရွာလူကြီးများ စုရုံးနေစဉ် (ဓါတ်ပုံ- နိရဥ္စရာ/ လင်းမြတ်)

ယင်းချောင်းမှာ ပေါက်တောမြို့နယ်၊ မင်းဗာရွာအနီးတွင် တည်ရှိသော မင်းဗာချောင်း(ခေါ်) ငပြီကြီးချောင်း ဖြစ်သည်။

ယင်းချောင်းအား ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့်လယ်သမားများက ပြန်လည် ဖောက်ချလိုက်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ အခု ပွင့်လင်းလာတဲ့ ဦးသိန်းစိန်သမ္မတလက်ထက်မှာ အရင်စစ်အစိုးရလက်ထက်က  မတရား ဖိနှိပ် ခံနေခဲ့ရတာတွေကို မခံမရပ်နိုင်ဖြစ်ပြီး  ဒီအနီးအနားရွာတွေက လယ်သမားတွေက အထက် အာဏာပိုင်တွေကို တင်ပြခဲ့ကြပါတယ်။ ဒီလို တင်ပြတဲ့ အပေါ် ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားတွေဘက်ကနေ ရပ်တည်ပြီးတော့ ဒီချောင်းကို ပြန်ဖောက်ချဖို့ ညွှန်ကြားလိုက်တဲ့ အတွက် ဒီကနေ့မှာ ချောင်းကို ဖေါက်ချလိုက်တာ ဖြစ်ပါတယ်’’ ဟု ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးမြတ်ထွန်းက နိရဥ္စရာကို ပြောသည်။

ယင်းချောင်းကို ပုဇွန်မွေးမြူရန် ပိတ်ဆို့ထားသဖြင့် ဒေသခံ လယ်သမားများ အခက်အခဲ ကြံုတွေ့ခဲ့ရကြောင်း ကျောက်ဆိပ်ရွာမှ လယ်သမားတစ်ဦး ပြောသည်။

“မင်းဗာချောင်းကို ပိတ်ခြင်းအားဖြင့် လယ်သမားတွေ အခက်အခဲပေါင်းများစွာကို ကြံုတွေ့ကြရပါတယ်။ မိုးရာသီမှာလည်း လယ်သမားတွေ လယ်ထွန်လို့မရဘူး။ ရေတွေက လယ်တွေကို ဖုံးနေတယ်။ နွေရာသီ ဆိုပြန်ရင်လည်း ဒီချောင်းကို ပုဇွန် မွေးဖို့ အတွက် ဆားငံရေတွေ သွင်းထားကြတော့ အနီးအနားက ကျွဲနွားတွေက ရေသောက်ဖို့ အခက်အခဲရှိပါတယ်။ သွားရေး လာရေးမှာလည်း လှေတွေနဲ့ ဖြတ်ကျော်လို့ မရတော့ အကုန်လုံး အခက်အခဲ ဖြစ်ကုန်ကြရပါတယ်” ဟု ဆိုသည်။

ထို့အတွက် ယင်းချောင်းလမ်းကြောင်းတစ်လျှောက်ရှိ မင်းဗာရွာ၊ ပေါက်တောအမှတ်(၄)ရပ်ကွက်၊ တောင်ညိုကျေးရွာ၊ အဝကန်ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာတွေမှာရှိတဲ့ ပြည်သူများ အထူးရောက်ခဲ့ကြသဖြင့် ချောင်းအား ဖေါက်ချပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

ပေါက်တောမြို့နယ်တွင် စစ်အစိုးရလက်ထက်၌ ယင်းမင်းဗာချောင်းကို အမှတ်(၈၁၈)ဆက်သွယ်ရေး တပ်ရင်း ရန်ပုံငွေအတွက်ဟုအကြောင်းပြကာ စီးပွားရေးလုပ်ရန် လွန်ခဲ့သော နှစ်ပေါင်း (၁၀) ကျော် သိမ်းယူသွားခဲ့သည်။

ပေါက်တောမြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ငါးလုပ်ငန်းဌာန ဦးစီးမှူး၊မြို့နယ် မြေတိုင်းဌာန  ဦးစီးမှူးတို့လိုက်ပါကာ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် လယ်သမား ခြောက်ဆယ်ခန့်က ယနေ့ ပြန်လည်ဖောက်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပေါက်တောမြို့နယ်တွင် အများပိုင်ချောင်းမြောင်းများကို ပိတ်၍ စီးပွားရေးလုပ်ခြင်းများကြောင့် လယ်သမားများအား နစ်နာစေပြီး ယခု မင်းဗာရွာချောင်းအား ဖောက်ချရန် ဆုံးဖြတ်ချက်ပေးခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လယ်သမားများအတွက် ပထမဆုံးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဦးမြတ်ထွန်းက ပြောကြားခဲ့သည်။

Most read this week