ရခိုင်ရိုးမတွင် သစ်တောဧက ထောင်နှင့်ချီ ခုတ်လှဲနေ

ရခိုင်ရိုးမတွင် သစ်တောဧက ထောင်နှင့်ချီ ခုတ်လှဲနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်း ဧက ထောင်နှင့် ချီပြီး သစ်တောများကို ကုမ္ပဏီတစ်ခုမှ လာရောက်ခုတ်လှဲ နေသည်ဟု သတင်း ရရှိသည်။

“ ဘယ်နေရာမှာ ခုတ်နေသလဲဆိုတော့ ဂွမြို့နယ်နဲ့သံတွဲမြို့နယ် ခြောက်ခုနှစ်ကျွန်းဆိုတာ ရှိတယ်။ အဲဒီမှာ ခုတ်နေတာ။ အဲဒီမှာ သပြေကောင်းရွာ၊ ညိုကောင်းရွာ၊ သပြုကုန်းရွာစတဲ့ ရွာတွေ အများကြီးရှိတယ်။ ပုဇွန်ဖယ်ချောင်းတလျှောက်မှာ ခုတ်နေတာ။ အခုဆိုရင် ဧက ထောင်နဲ့ချီပြီး သစ်တောတွေ ခုတ်ထားပြီးပါပြီ။ ဧက ၃၀၀၀ လောက်ခန့်တော့ ရှိမယ်ထင်ပါတယ်” ဟု ကျေးရွာ လူကြီး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

သစ်ခုတ်နေသော ကုမ္ပဏီမှာ Golden Key ( ရွှေသော့) ဖြစ်ကြောင်း ကျိန္တလီမြို့နယ် အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး သူက ပြောသည်။

“ သူတို့က သစ်ပင်ကြီးတွေကို ချိန်းစော ( Chain Saw) နဲ့ လှဲပါတယ်။ အောက်ပေါက် ပေါင်းပင်တွေကိုတော့ ဒေသခံတွေကို ရှင်းခိုင်းတယ်။ တစ်ဧကကို သုံးသောင်းပေးပါတယ်။ အဲသလို ရှင်းပြီးတဲ့အခါ သစ်ပင်ကြီးတွေကို ချန်ခဲ့တယ်။ နောက်က သစ်ပင်တွေကို ချိန်းစောနဲ့ လိုက်ခုတ်လှဲတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် သူက “ သူတို့ ပြောတာက ဒီနေရာကို ကျွန်းစိုက်ခင်း လုပ်မယ်လို့ ပြောတယ်။ ကျွန်းက ယိုဒယားမျိုး လို့လည်း ပြောတယ်။ ကျွန်းစိုက်ခင်းက လောင်းရိပ်အောက်မှာ စိုက်လို့ မရဘူးဆိုပြီး သစ်ပင်တွေကို အကုန်လုံး လှဲတယ်။ အရင်ကတော့ ချိန်းစော ၁၀လုံးလောက်နဲ့ လှဲတယ်။ အခုတော့ ၅ လုံးလောက်နဲ့လှဲတယ်။ တစ်လုံး တစ်နေ့ အပင် ၁၀၀ နီးပါးလှဲတယ်လို့ ကြားရပါတယ်” ဟု ဆက်ပြောသည်။

ယခုအခါ စက်ကြီးများဖြင့် ၎င်းသစ်များကို ထုတ်ယူရန် လမ်းဖေါက် နေသည်မှာလည်း ရ မိုင်၊ ၈ မိုင်ခန့် ဖေါက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ပုဇွန်ဖယ်ရွာကနေ စတင် ဖေါက်လုပ်နေကြောင်း သူက ဆိုသည်။

သဘာဝ သစ်တောများကို ခုတ်လှဲပြီးကျွန်းပင်များစိုက်ပျိုးမည်ဖြစ်သော်လည်း ဒေသခံများအတွက် အကျိုးရမရှိဟု ၄င်းကမြင်သည်။

“အဲဒါ လက်ရှိ သဘာသစ်တောကဆိုတာက အစားထိုးလို့မှ မရဘဲနဲ့။ သူတို့ဘယ်လိုဘဲစိုက်စိုက် သဘာဝ သစ်တောတွေကို ဖြိုချ ခုတ်လှဲပြီး စိုက်ပျိုးတာက သူတို့ တစ်ဦးအကျိုးအတွက်လေ။ ဘယ်လိုနှိုင်းလို့ ရမလဲ။”

ယခုကဲ့သို့ သစ်တောများ ခုတ်လှဲပစ်သဖြင့် တောတိရိစ္ဆာန်များအတွက်လည်း အထူးအခက်အခဲ ဖြစ်နေပြီး နေထိုင်စရာမရှိ ဖြစ်နေသည်ဟု သိရသည်။

၎င်းတောတောင်ကို မှီခိုက လုပ်ကိုင်စားသောက်သူများ အနေဖြင့်လည်း အနီးပတ်ဝန်းကျင်ရှိ တောတောင် များကို ခုတ်လှဲပစ်သဖြင့် အနာဂတ်တွင် အထူး ဒုက္ခရောက်မည်ကို စိုးရိမ်နေကြောင်း၊ ယခု သစ်ပင်များ ခုတ်လှဲနေသော နေရာတွင် အလှည့်ကျ ပေါက်ရောက်နေသော  ဒညင်းပင်များ အများအပြားရှိကြောင်း၊ ၎င်းဒညင်းသီးများကို ရောင်းချခြင်းဖြင့် မိသားတစ်စုစီ သိန်းချီ၍ ၀င်ငွေရကြောင်း၊ ယင်းပြင် သစ်ခုတ်၊ ထင်းခုတ်၊ မျှစ်ချိုး၍ ၀င်ငွေရှာကြကြောင်း၊ ယခုအခါ ထိုအလုပ်များကို ဆုံးရှံုးသွားရတော့မည် ဖြစ်ကြောင်း ဒေသခံ ရွာလူကြီးတဦး ပြောဆိုသည်။

ထို့ပြင် ဝေးကျေးရွာက ကိုမောင်လေး သီဟိုခင်း အနီးမှ ငှက်ပျောခင်းကို ခုတ်လှဲပစ်ခဲ့ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သွားတိုင်ရာ ၎င်းငှက်ပျောခင်းအတွက် ကျပ်၂၀၀၀၀ လျှော်ကြေးပေးခဲ့ကြောင်း ကျေးရွာလူကြီးက ဆိုသည်။

၎င်းပြင် ယခု သစ်ပင် ခုတ်လှဲနေသော နေရာမှာ တောင်စောက်ကြောင်း၊ ၄င်းတောင်များကို စက်ကြီးများဖြင့် တူးချပြီး မြေကြီးများ မြောင်းထဲတွင် စုပုံကျနေကြောင်း၊  မိုးရွာလျှင် ယင်းမြေကြီးများမှာ ရေနှင့် အတူပါလာပြီး လယ်ကွင်းများကို ဖုံးသွားနိုင်ကြောင်း၊  ချောင်းများလည်း နောက်ပိုင်းတွင် တိမ်ကောနိုင်သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ်ကာ စိုးရိမ်နေကြသည်။

ယခု သစ်ခုတ်ပင်များ ခုတ်လှဲနေသောနေရာမှာ သံတွဲမြို့နယ်နှင့် ကျိန္တလီမြို့နယ်ခွဲ အစပ် သံတွဲဘက်ခြမ်းတွင် ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှလည်း အတည်ပြု ပြောကြားသည်။

Most read this week