ကမ်းထောင်းကြီးရွာတွင် သန်းခေါင်စာရင်း ကြိုတင်ကောက်ယူ

ကမ်းထောင်းကြီးရွာတွင် သန်းခေါင်စာရင်း ကြိုတင်ကောက်ယူ
by -
နိရဥ္စရာ

မတ်လ ၂၉ ရက်နေ ့တွင် စတင်မည့် နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမူကို ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် မတ်လ ၂၇ ရက်နေ့က ကြိုတင် အကြမ်းကောက်ယူမူ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ သန်းခေါင်စာရင်းကို အဖွဲ့ထဲမှာပါတဲ့ ဆရာ ဆရာမတွေက ကောက်ယူတာပါ။ ကမ်းထောင်းကြီးကျေးရွာ ရွာပြင်က မိသားစုတွေဆီက ကောက်ယူတာပါ။ ဗလာစာအုပ်တွေနဲ့ အကြမ်း ကောက်ယူတာ ဖြစ်ပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ အကြမ်းကောက်ယူသွားပြီး နောက်ထပ် တစ်ကြိမ် မကောက်တော့ဟု ကြားသိရကြောင်း သူက ဆိုသည်။

အိမ်ခြေ တစ်ထောင်ကျော်ရှိသော ကမ်းထောင်းကြီးရွာတွင် သတ်မှတ်ရက် မတိုင်မှီ သန်းခေါင်စာရင်းအား ကြိုတင်ကောက်ယူခြင်းမှာ ဟုတ်မှန်ကြောင်း  မြေပုံမြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။

“ ရခိုင်ပြည်သူတွေက သန်းခေါင်စာရင်းကောက််ယူရာမှာ ကုတ်နံပတ် ၉၁၄ကို   ကျေနပ်မူမရှိတဲ့အတွက် ရခိုင်ပြည်နယ် အတွင်း ဆန္ဒပြမူတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်။ သပိတ်မှောက်မယ်ဆိုပြီးလည်း စာတွေ ပိုစတာတွေကပ်နေကြတယ်။ အခု ဒီပြသနာ ဒီဘက်ကို  မကူးလာခင် ကြိုတင်ပြီး လုပ်ထားတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။ သန်းခေါင်စာရင်းကောက်တဲ့အခါ အလုပ်ပေါ့ သွားစေလိုတဲ့ သဘောပေါ့။ ကချင်ပြည်နယ်  ဒေသအချို့မှာလည်း ခုလို ကောက်ခံနေတယ်လို့ ကြားရပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူမူနှင့် ပတ်သက်ပြီး ရှုပ်ထွေးမူများ ပေါ်ပေါက်နေသဖြင့် သတ်မှတ်ထားသောအချိန်တွင် ကောက်ယူခြင်းက ပိုမို သင့်တော် ကောင်းမွန်မည်ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လုံးက ဆိုသည်။

‘’ အခု သန်းခေါင်စာရင်း ကြိုတင်ပီးအကြမ်း ကောက်ယူတဲ့ ကြောင်းအရင်း၊ ရည်ရွယ်ချက်ကိုတော့  ကျနော်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ရခိုင်ပြည်နယ်မှာ  သန်းခေါင်စာရင်း ကောက်ယူရာမှာ ဘင်္ဂလီ- ရိုဟင်ဂျာ စတဲ့ စကားရပ်တွေနဲ့ ရှုပ်ထွေးပြီး ပြသနာ ပေါ်နေတဲ့ အတွက် ရှင်းလင်းပြတ်သားပြီး၊ ပွင့်လင်းမြင်သာမူ ရှိအောင် ပြုလုပ်ဖို့ လိုပါမယ်။ တစ်နိုင်ငံံလုံး သတ်မှတ်ရက်အတိုင်းပြုလုပ်မှသာ ကောင်းမယ်။ မဟုတ်ယင် ပြသနာတွေ ဒီထက်ပိုတက်လာမယ်။ ဘယ်သူတာဝန်ယူမလဲ၊  ကြိုတင်ကောက်ယူမူ မလုပ်သင့်လို့ ထင်မြင်ယူဆပါတယ်။”

၎င်းသန်းခေါင်စာရင်း အကြမ်းကောက်ယူမူအား မတ်လ ၂၇ ရက် တစ်နေ့တည်းသာ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရပ်သွားခဲ့သည်ဟု ကမ်းထောင်းကြီး ဒေသခံ ဦးဆိတ်ဖြူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာကြီးတို့ထံ ဆက်သွယ်သော်လည်း အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပါ။

ယခုသန်းခေါင်စာရင်း အကြမ်းကောက်ယူမူကို ကမ်းထောင်းကြီးရွာ တစ်ခုတည်းတွင်သာ ပြုလုပ်ခဲ့ပြီး အခြားရွာများတွင် ပြုလုပ်သည်ဟု မကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။

နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူမူကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ခံသွားမည်ဟု သိရသည်။

Most read this week