ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာ မဆောင်ရွက်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်နေလျှင် သဘောထားမတိုက်ဆိုင်မှုများကြောင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာနိုင်သလို ရရှိထားသည့် ညှိနှိုင်းသဘောတူညီမှုများပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခ များသို့ ပြန်လည်ဦးတည်သွားနိုင်သည်ကို သတိထားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်ရေးပြကွင်း၌ ကျင်းပသည့် ၆၉ နှစ်မြောက်၊ တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတိုင်း အဆင့်ဆင့် လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်သလို အရေးအကြီးဆုံးအချက်ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ဖြစ်စေရေးသည် အရေးကြီးသည့်အတွက် မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရွက်သွားရမည်ဟု ၎င်းက ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မတ်လ ၂၆ ရက် ပြည်ထောင်စုလွှတ်တော်၌ ဟောပြောခဲ့သည့် မိန့်ခွန်းတွင် “မကြာခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘောတူညီချက်တွေ ရရှိထားပြီဖြစ်ပါ တယ်။ နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက်အနေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှု တွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေဆဲပဲ ဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူနိုင်မယ့် အကောင်းဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိနေပါပြီ။ အနာဂတ်မျိုးဆက်သစ်တွေအတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက်ပြည့်ဝတဲ့ လူနေမှုဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်”ဟု ဆိုသည်။
တိုင်းရင်းသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်ထောင်စုသားအားလုံးနှင့် တက်ညီလက်ညီ လက်တွဲကာ ဆောင်ရွက်သွားကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှုများအပေါ် ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို သီးခြားမလုပ်စေချင်ကြောင်း သုံးသပ်ပြောဆို သည်။
“အပစ်အခက်ရပ်ရေး အရင်လုပ်တယ်ဆိုရင်လည်း နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်အချိန်မှာ ဖြေရှင်းမယ်ဆိုတာကို ထည့်သင့်ပါတယ်”ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က အပစ်အခတ်ရပ်စဲရေးလုပ်ပါက နိုင်ငံရေးအရ သဘောတူညီချက်များ၊ ကြိုတင်ညှိနှိုင်းချက်များထည့်သွင်းပါက ကောင်းမွန်မည်ဟု အကြံပြုသည်။
“အပစ်ရပ်ပြီး သုံးလလောက်ဆို နိုင်ငံရေးဆွေးနွေးပွဲစလို့ သင့်တော်မယ် ထင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။