“၀”နှင့် အခြားအဖွဲ့အစည်းများ အပစ်ရပ်စာချုပ်ရေးဆွဲပွဲ တက်မည်

“၀”နှင့် အခြားအဖွဲ့အစည်းများ အပစ်ရပ်စာချုပ်ရေးဆွဲပွဲ တက်မည်
by -
မဇ္ဈိမ

လာမည့် ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန်အတွက် “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ရှမ်းပြည် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့မှ ပါ ၀င်တက် ရောက်ကြမည်ဖြစ်သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မြန်မာ့ငြိမ်းချမ်းရေးဂေဟာ (MPC) တာဝန်ရှိသူများထံက သိရှိရသည်။

“၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “သူတို့(အစိုးရ)ဘက်က တ ရားဝင်ဖိတ်မယ်ဆိုရင်တော့ တက်မှာပါ၊ လောလောဆယ် ကျွန်တော်တို့ဆီကို တရားဝင်ဖိတ်စာမရောက် လာသေးဘူးနဲ့တူတယ်”ဟု မတ်လ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထို့အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း “ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ပြီး တက်ရောက်မှာပါ” ဟု ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ကလည်း တက်ရောက်မည်ဟု တရားဝင်အကြောင်း ပြန်ထားပြီး ဖြစ်သည်ဟုလည်း မြန်မာ့ငြိမ်းချမ်းရေးဂေဟာမှ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို မတ်လ ၂၇ ရက်တွင် ပြောသည်။

အစိုးရဘက်မှ စာချုပ်ရေးဆွဲရေးအဖွဲ့ဝင် ကိုးဦးတွင် တပ်မတော်သားကိုယ်စားလှယ် သုံးဦး၊လွှတ်တော်ကိုယ် စားလှယ်သုံးဦးနှင့် မြန်မာ့ငြိမ်းချမ်းရေးဂေဟာမှ ကိုယ်စားလှယ်သုံးဦးတို့ပါ၀င်မည်ဖြစ်ကာ ၎င်းအဖွဲ့ ကို နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဦးအောင်မင်း ဦးဆောင်မည် ဖြစ်သည်။

တိုင်းရင်းသားများဘက်မှ စာချုပ်ရေးဆွဲရေး ကိုယ်စားလှယ်အဖွဲ့ကို ဖဒိုကွယ်ထူးဝင်းက အမြဲတမ်းဦး ဆောင်သွားမည်ဖြစ်ကာ ပထမဆုံးအကြိမ် တွေ့ဆုံရာ၌ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့(NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာဦးဆောင်၍ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ဟံသာက မတ်လ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့အဖွဲ့ရဲ့ စာချုပ်ရေးဆွဲရေး အမြဲတမ်းဦးဆောင်သူကိုတော့ ဖဒိုကွယ်ထူးဝင်းကို ပေးထားတယ်၊ ဒီအခေါက်မှာတော့ ကျွန်တော်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အမြဲတမ်းတက်နိုင်မှာတော့ မဟုတ်ဘူး၊ ဒီတစ်ပတ်တော့ ကျွန်တော်တို့ NCCT အဖွဲ့ ၁၆ ဖွဲ့ထဲက ၁၄ ဖွဲ့လောက် သွားမယ်လို့ အကြမ်းဖျင်း အဲဒီလိုတော့ စီစဉ်ထားတယ်” ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“ဆွဲမှာတော့ NCCT နဲ့ UPWC ကော်မတီတွေက ဦးဆောင်ဆွဲမှာပဲ၊ လက်မှတ်ထိုးရင်တော့ အားလုံးပါရ မယ်၊ ဒါကြောင့် ဒီမှာမပါသေးတဲ့ အဖွဲ့ငါးဖွဲ့ကို ထပ်မံဖိတ်ကြားဖို့ တိုင်းရင်းသားတွေဘက်က သဘောတူ တော့ အဲဒါကို အစိုးရက တာဝန်ယူပြီး ဖိတ်ကြားပေးတာပါ”ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန်အတွက် လာမည့် ဧပြီလ ၃ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ထွက်ခွာမည် ဖြစ်ကာ ဧပြီလ ၅ ရက်နှင့် ၆ ရက်များတွင် နှစ်ရက်တာ အပစ်အခတ် ရပ်စဲရေး စာချုပ်အား ရေးဆွဲမည်ဖြစ်သည်။

Most read this week