စစ်တွေမြို့တွင် ညမထွက်ရ အချိန်တိုးမြှင့်

စစ်တွေမြို့တွင် ညမထွက်ရ အချိန်တိုးမြှင့်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့် ကို ယနေ့မှ စ၍ ည ၆ နာရီမှ နံနက် ၆ နာရီထိ အချိန် တိုးမြှင့်လိုက်သည်။

ယခင်က ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရဟု အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။

ယနေ့ထုတ်ပြန်လိုက်သည့် အမိန့်မှာ ယခင်ကထုတ်ပြန်ထားသည့်အမိန့်ကို ထပ်ပြီး အချိန်တိုးလိုက်ခြင်း ဖြစ်ကြောင်း စစ် တွေမြို့မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဦးသာပွင့်ကဆိုသည်။

“ ဟုတ်တယ်။ အရင်ရှိပြီးသား အချိန်ကို ထပ်တိုးလိုက်တာဖြစ်တယ်။ မနေ့ကအထိရှိနေတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီကို အခု  ည ၆ နာရီကနေ နံနက် ၆ နာရီအထိတိုးလိုက်တာဖြစ်တယ်။”

ယမန်နေ့ညက မာတေဇာအဖွဲ့မှ နိုင်ငံခြားသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးသည်  အိမ်ပိုင်ရှင်လွင့်ထူထားသည့် ဗုဒ္ဓဘာသာဝင် များ အထွဋ်အမြတ်ထားသည့် သာသနာ့အလံကို မဖွယ်မရာပြုလုပ်မှုကြောင့် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရသည်။

အဆိုပါလုပ်ရပ်ကို မကြေနပ်သည့် မြို့ခံများက စစ်တွေမြို့တွင် အန်ဂျီအိုအဖွဲ့များမှ ရုံးခန်းအဖြစ်ဖွင့်လှစ် ထားသည့် နေအိမ်များကို ယနေ့ နံနက်ကစပြီး ညနေပိုင်းအထိ ခဲများဖြင့် ပစ်ပေါက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ပုဒ်မ ၁၄၄ အချိန်ကို တိုးမြှင့်ကြောင်း ကျေညာသည်။

“ညမထွက်ရအမိန့်ကို မြို့မှာပတ်ပြီး လော်စပီကာနဲ့ဟောသွားပြီး။ အခုအထိ ဒီမှာက ပြဿနာက မပြေလည် သေးဘူး။ အခု ဖိုးသာရွာဘက်က သေနတ်ပစ်သံတွေကြားနေရတယ်။ ဒါကြောင့် ညမထွက်ရအမိန့်ကို တိုးလိုက် တာဖြစ်တယ်” ဟု စစ်တွေမြို့မှ ရဟန်းတော်တစ်ပါးက မိန်းကြားသည်။

ယခုအခါ စစ်တွေမြို့လူစည်ကားရာ နေရာများတွင် စစ်တပ်များချထားကြောင်းလည်း အဆိုပါရဟန်းတော်မှ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဒေသခံရခိုင်တိုင်းရင်းသားများနှင် ဘင်္ဂလီတို့အကြား ဖြစ်ပေါ်ခဲ့သည့် ပဋိ ပက္ခအပြီးတွင် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ယူအန်အပါအဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းများသည် ဘင်္ဂလီများအပေါ် ဘက်လိုက်မှုရှိသည်ဟုဆိုကာ ဆန့်ကျင် လာခဲ့ကြခြင်းဖြစ်သည်။

မကြာသေးမီကလည်း ရခိုင်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် MSF/ AZG အဖွဲ့ကိုလည်း ရခိုင်ပြည်သူ များက ရက်ဆက်ကန့်ကွက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ယင်းအဖွဲ့၏ လုပ်ငန်းများကို မြန်မာအစိုးရက ရပ်တန့်ခဲ့သည်။

Most read this week