စစ်တွေရှိ နိုင်ငံခြားသား NGOs များကို လုံခြံုရာသို့ ခေါ်ထုတ်သွားပြီ

စစ်တွေရှိ နိုင်ငံခြားသား NGOs များကို လုံခြံုရာသို့ ခေါ်ထုတ်သွားပြီ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အန်ဂျီအိုရုံးများကို ခဲများဖြင့် ဆက်လက် ပစ်ပေါက်မူများ ဖြစ်ပွားနေသဖြင့် အန်ဂျီအို ၀န်ထမ်း နိုင်ငံခြားသားများကို သက်ဆိုင်ရာမှ လုံခြံုရာသို့ ခေါ်ထုတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ခေါ်ထုတ်သွားတာက အယောက် ၂၀ ကနေ ၃၀ ထိ ရှိနိုင်ပါတယ်။ ကျနော်တို့ သိရသလောက် ရဲက သူတို့ကို စစ်တွေဟိုတည်ကို ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ အကုန်လုံး ရန်ကုန်ကို လေယာဉ်နဲ့ ပို့မယ်လို့ ကြားရပါတယ်” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ယမန်နေ့ နေ့လယ်ပိုင်းက မာတေဇာ အန်ဂျီအိုမှ အမေရိကန်နိုင်ငံသူ ၀န်ထမ်းတစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ့ အလံအား ထဘီသဖွယ် ၀တ်ကာ မဖွယ်မရာ ပြုလုပ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး အန်ဂျီအိုရုံး အများအပြားကို ဒေသခံများက ၀ုိင်းဝန်းပြီး ခဲများဖြင့် စတင်တိုက်ခဲ့သည်။

တိုက်ခိုက်ခံခဲ့ရသော နေရာမှာ ၆ ခုရှိပြီး ကျောင်းတက်လမ်းရပ်ကွက်ထဲရှိ ဦးဥတ္တမလမ်းတွင် (၂)နေရာနှင့်  အောင်ထွန်းဦးလမ်းတွင် (၄)နေရာ ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အခြေအနေမှာ ထိန်းသိမ်းရန် ခက်ခဲလာပြီး လူအချို့မှ မာတေဇာ အန်ဂျီအို တည်ရှိရာ ရုံးများအားဝင်ရောက် ဖျက်ဆီးသဖြင့် ရဲတပ်ဖွဲ့ဝင်များက ညဉ့် ၁၂ နာရီခန့်တွင် သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့ရသည်ဟု သိရသည်။

ယနေ့ နံနက်က နိုင်ငံခြားသူ လုပ်ရပ် အပေါ် မကျေမနပ် ဖြစ်နေကြသော လူအုပ်ကြီးသည် တဖန် လမ်းမများပေါ် ပြန်ထွက်လာပြီး အန်ဂျီအို တည်ရှိရာ နေအိမ်များကို ခဲများဖြင့် ၀ိုင်းဝန်း ပစ်ခတ်နေကြသည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ရုံးတွေမှာ ရှိနေတဲ့ အန်ဂျီအိုတွေက နိုင်ငံခြာသားတွေကို အကုန်လုံးကို ခေါ်ထုတ်သွားပါပြီ။ အဲဒီလို ခေါ်ထုတ်တဲ့ အထဲမှာ မပါဘဲ ကျန်နေခဲ့တဲ့ အဖြူ တစ်ယောက် ရုံးပေါ်ကနေ ကင်မရာ ရိုက်တဲ့ အတွက် ကျောင်းတက်လမ်းရပ်ကွက်၊ ဦးဥတ္တမလမ်းရှိ ဒုရဲအုပ် အငြိမ်းစားခင်မောင်ဝင်းအိမ်ကို ခဲတွေနဲ့ ၀ုိင်းချနေကြပါတယ်။ အိမ်ခြံတံခါးကိုတော့ ပိတ်ထားတယ်။ လူက ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပါလိမ့်မယ်။ အိမ်ဝင်းထဲကို မဝင်ဘဲ အပြင်ကဘဲ ခဲတွေနဲ့ ပစ်နေကြပါတယ်” ဟု ဆိုသည်။

ယခု ပြသနာ ဖြစ်ပွားရာ နေရာတွင် ရဲအစောင့်အရှောက်တွေ မရှိကြောင်း၊ အခြား အန်ဂျီအို ရုံးများ ဖွင့်လှစ်ထားရာ အိမ်များ၏ ပတ်ဝန်းကျင် အနီးတဝိုက်တွင် ရဲများက လုံခြံုရေး ယူထားကြောင်း၊ အခြေအနေမှာ အထူးရှုပ်ထွေးနေကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူ နိုင်ငံရေးသမား တစ်ဦးက ပြောကြားသည်။

Most read this week