ရခိုင်ပြည်နယ် စစ်တွေတွင် ပြည်နယ်အစိုးရက အရေးပေါ်ပြန်လည် ထိန်းချုပ်

ရခိုင်ပြည်နယ် စစ်တွေတွင် ပြည်နယ်အစိုးရက အရေးပေါ်ပြန်လည် ထိန်းချုပ်
by -
မဇ္ဈိမ

စစ်တွေမြို့ရှိ မာတေဇာ(Malteser) အန်ဂျီအိုမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက သာသနာ့အလံကို ခါးတွင်ပတ်သည်ဆိုကာအန်ဂျီအိုရုံးများကို ခဲဖြင့်ပေါက်မှုများ လူစုလူဝေးမှုများကို ထိန်းချုပ်နိုင်ရန် စစ်တွေလူမှုအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့များက စစ်တွေမြို့ကို လှည့်လည်၍ ရေးပေါ်ထိန်းချုပ်မှုများ ပြုလုပ်လျှက်ရှိသည်ဟု စစ်တွေမြို့နယ် တရားလွှတ်တော်ရှေ့နေချုပ်နှင့် ဒုချရားတန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဦးဦးသာပွင့်က မတ်လ ၂၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

စစ်တွေမြို့ရှိ နေအိမ်များတွင် သန်းခေါင်စာရင်း သပိတ်မှောက်မှုအတွက် သာသနာ့အလံများကို အိမ်တိုင်းတွင် ချိတ်ဆွဲလျှက်ရှိပြီး အဆိုပါ အလံကို ခါးတွင်ပတ်သူမှာ အမေရိကန်နိုင်ငံသူဟု လတ်တလော ဦးဦးသာပွင့်က အတည်ပြုထားသည်။

စစ်တွေမြို့တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော အန်ဂျီအိုတစ်ခုဖြစ်သည့် မာတေဇာ(Malteser) မှ အမေရိကန်အမျိုးသမီးတစ်ဦးက ယင်းအလံကို ဖြုတ်ကာ ဘောင်းဘီအိတ်ထဲသို့ ထည့်သွင်းယူရာ တွင် ယင်းအလံမှာ အမျိုးသမီး၏ ခါးအောက်ပိုင်းတွင် တွဲလွဲကျနေသည်ကို ဒေသခံများက မြင်တွေ့ပြီး အဆိုပါအမျိုးသမီးနေထိုင်ရာအိမ်ကို ၀ိုင်းဝန်းရာမှ လူစုလူဝေးမှုဖြစ်ခဲ့သည်။

“နေ့လည် ၂ နာရီက အန်ဂျီအိုဝန်ထမ်းတွေကို လုံခြံုရေးတွေက ကားတွေနဲ့တင်ပြီး လေဆိပ်ကိုခေါ်သွားတယ်။ ရုံးတွေရှိတဲ့လမ်းတွေကိုလည်း အားလုံးပိတ်ပြီး လုံခြံုရေးယူထားတယ် လမ်းပေါ်မှာတော့ လူစုလူဝေးတွေရှိ သေးတယ်”ဟု ဦးဦးသာပွင့်က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် စစ်တွေမြို့မိမြို့ဖအဖွဲ့များ၊ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များ၊ စစ်တွေအမျိုးသမီးအစည်း အရုံးများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်းကာ စစ်တွေမြို့သို့ လူစုခွဲ လှည့်လည်၍ ထိန်းချုပ်မှုများပြုလုပ်လျှက်ရှိသည်။

မတ်လ ၂၆ ရက်ညနေပိုင်းတွင် စစ်တွေမြို့ရှိ မာတေဇာ(Malteser)ရုံး ခြောက်ရုံး၊ မတ် ၂၇ ရက်တွင် ၂ ရုံးကို ရခိုင်လူစုလူဝေးက ခဲဖြင့်ပစ်ပေါက်မှုများပြုလုပ်ခဲ့သည်။

စစ်တွေမြို့တွင် မာတေဇာ (Malteser) ရုံး ၂၀ ကျော်ရှိသည်ဟု ဦးဦးသာပွင့် ဆိုသည်။

Most read this week