တရုတ်သတ္တုကျောက်တင်ကားများအချို့ သစ်များခိုးထုတ်နေ

တရုတ်သတ္တုကျောက်တင်ကားများအချို့ သစ်များခိုးထုတ်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ကူးတို့ဆိပ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့နေသောသတ္တု ကျောက်တင်ကား တချို့တွင် သစ်များပါခိုးထုတ်နေကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

 အဆိုပါသတ္တုတင်ကားများသည် တရုတ်နိုင်ငံသားပိုင်ကားများဖြစ်ကြောင်း၊ ဒေသခံကားများအသုံးမပြုခြင်းမှာ ထိုသို့ သစ်များခိုးထုတ်ရန်ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဒေသခံကားသမားစိုင်းယီကဆိုသည်။

သစ်ခိုးတင်လာသည့်တရုတ်နိုင်ငံသားပိုင်(သတ္တုကျောက်တင်)ကား တိမ်းမှောက်ခဲ့စဉ်

“မနေ့က မနက်ပိုင်းက သတ္တုကျောက်တင်ကား  ၅ စီး  မိုင်းဝီးဘက်ကနေလာတာ သစ်တွေခိုးတင်လာတယ် လေ။ ခွဲသားသစ်တွေကိုတန်ပို (Over weight) တင်လာရင်း လမ်းမကောင်းလို့ နောက်ကြောင်း ပြန်လှည့်တာ တစ်စီးက အောင်မေတ္တာ ရပ်ကွက် လမ်းအကွေ့ တစ်နေရာမှာ တိမ်းမှောက်သွားတယ်၊ ကျန်လေးစီးကတော့ လွှတ်ရာ မောင်းပြေးကြတာ၊ ရပ်ကွက်သားတွေက မှောက်နေတဲ့ကားမိုးကာ သွားဖွင့်ကြည့်လိုက်တော့  ခွဲသားသစ်တွေ ချည်း တင်ထားတာတွေ့ရတယ်” ဟု ၄င်းကပြောပြသည်။

ဒေသတွင်း ပြေးဆွဲနေသော သတ္တုတင်ကားများ မိုးကာများဖြင့်ဖုံးအုပ်ထားရမည်ဟု မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ၌ပြုလုပ်သောအစည်းအဝေးဆုံးဖြတ်ချက်အရ  အမိန့်ထုတ်ထားသဖြင့် တရုတ်ပြည်ပိုင်ကားများက မြန်မာပြည် ဘက်မှ တရားမဝင် သစ်ခိုးထုတ်နေမှုကို ကားတိမ်းမှောက်မှသာ သိရှိရကြောင်း နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက်အကူအပြုအဖွဲ့ကပြောသည်။

ထိုသို့ သစ်များ ခိုးထုတ်နေသည့်အမှုအပေါ် ဒေသတွင်းအာဏာပိုင်များက မည်ကဲ့သို့တရားစီရင်ဆုံးဖြတ်မည်ဟူ သည်ကိုလည်း ဒေသခံများက စိတ်ဝင်စားနေကြကြောင်း နမ့်ခမ်းမြို့ခံများကပြောသည်။

Most read this week