မြန်မာပြည်တွင် လွှတ်တော်ကြီး ကျင်းပနေသည်။ တစ်နှစ်တွင် ကိုးလ ကျင်းပမည်ဖြစ်သဖြင့် သုံးလနား သည်။ ကလေးများ ကျောင်းပိတ်သလို ဖြစ်သည်။ လူကြီးများလည်း နားချင်လိမ့်မည်။တကယ်တော့ လွှတ် တော်တက်ရသည်မှာ ကလေးများ မူကြိုကျောင်း တက်သလိုပင် ဖြစ်သည်။ သို့ဆိုသဖြင့် မအံ့သြသွားပါ နှင့်။ အောက်တွင် ရှင်းအံ့။
မနက်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုရာနေရာသို့ ကားတစ်စီးဖြင့် လိုက်ကြိုသည်။ လွှတ် တော်သို့ ပို့ပေးသည်။ မူကြိုကလေးများလိုပင် ဖြစ်သည်။ မူကြိုကလေးများလည်း ကျောင်းကားက လာကြို သည်။
လွှတ်တော်ကိုယ်စားလှယ် တချို့လည်း မူကြိုကလေးများလို ထမင်းချိုင့့်ထည့်သည်။ တချို့လည်း မထည့်။ မူကြိုဆရာမနှင့် တူသော လွှတ်တော်ဝန်ထမ်းများက ထမင်းတွေ ဘာတွေ ပြင်ပေးတတ်သည်။ ချိုင့် မပါ သော လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကျပ် ၂၀၀၀ တန် လွှတ်တော်ထမင်းကို စားကြရသည်။
သို့သော် စားမကောင်းသဖြင့် နောက်ပိုင်း လွှတ်တော်ထမင်းဆိုင် ရောင်းမကောင်းတော့ချေ။ ကလေးများ ကတော့ ကျောင်းမုန့်စျေးတန်းက မုန့်ကို ပိုကြိုက်ကြသည်။ ကလေးများနှင့် မတူတာ တစ်ခုတော့ ရှိသည်။ ပြေးလွှားဆော့ကစားမှု မရှိခြင်းပင်။ သို့မို့ကြောင့်လည်း ၀နေကြခြင်း ဖြစ်လိမ့်မည်။ ၀ိတ်ကျစေရန် ကလေး များလို ဆော့ဖို့ အကြံပေးရမည်။ လူမဆော့သော်လည်း စိတ်ဆော့သည်ဟု ယူဆလို့ရသည်။ မျက်လုံး ဆော့သည်။ အတင်းအဖျင်း သတင်းတွေ ဖလှယ်တာကော ရှိနိုင်ကြသည်။ စကားတွေ ဖလှယ်ကြသည်။
မနက်ခင်း ခေါင်းလောင်းတီးလျှင် ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်း ၀င်ထိုင်ကြသည်။ ကလေး များ ကျောင်းတက်ခေါင်းလောင်း တီးသလိုပင် ဖြစ်သည်။
ကျောင်းအုပ်ကြီးနှင့်တူသော လွှတ်တော်ဥက္ကဋ္ဌကြီးက ကြိမ်လုံးကြီးနှင့်တူသော ကျိုင်းကြီးကိုင်သူများကို ကိုင်ခိုင်းကာ လွှတ်တော်အတွင်း ခပ်တည်တည် ၀င်လာသည်။ ပြီးလျှင် ခုံမြင့်ပေါ်တွင် မိန့်မိန့်ထိုင်လိုက် သည်။ လွှတ်တော်ဥက္ကဋ္ဌကြီးက တက်ရောက် ပျက်ကွက်စာရင်းကို ခပ်တည်တည် ဖတ်သည်။
ကလေးများကို ဆရာက နာမည် ခေါ်သလို “မောင် ဘယ်သူ .... ... .. ရှိ”၊ “မ ဘယ်သူ ....... ပရဲစန့်” လို့ တော့မခေါ်။ ခေါ်လို့လည်းမဖြစ်။ လွှတ်တော် ကိုယ်စားလှယ်တွေက များလွန်းသည်။ တက္ကသိုလ်ကျောင်း များလို လက်မှတ်ခိုးထိုးခြင်း ရှိ မရှိတော့ မသိရသေး။
ကျောင်းအုပ်ကြီးက ကျောင်းသားများ အဝတ်အစား သပ်သပ်ရပ်ရပ် ၀တ်ခြင်း ရှိ မရှိစစ်ဆေးပြီး ဆူသကဲ့ သို့ လွှတ်တော်ကိုယ်စားလှယ်များ ခေါင်းပေါင်းတပ်ထားခြင်း မရှိပါကလည်း လွှတ်တော်ဥက္ကဋ္ဌကြီးက ဆူ တတ်လေသည်။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကျောင်းသားတွေ ကျောင်းကို ကြောက် သကဲ့သို့ လွှတ်တော်တက်ရမှာ ကြောက်သည်။
သို့နှင့် လွှတ်တော်ပြေးလေသည်။ လွှတ်တော်ကို ပတ်ပြေးခြင်း မဟုတ်။ ကလေးများ ကျောင်းပြေးလျှင် အရိုက်ခံရသည်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကတော့ လူကြီးများဖြစ်သဖြင့် အရိုက်မခံရ။ လွှတ် တော် ကိုယ်စားလှယ်ကြီးတွေကလည်း ကလေးများလိို ခွင့်တိုင် တတ်သေးသည်။ ကျောင်းသားများက တော့ “သို့ အတန်းပိုင်ဆရာမ ခင်ဗျား .......... ကျွန်တော့်၏ သားဖြစ်သူမှာ နေမကောင်းပါသဖြင့်” ဟု ခွင့် တိုင်ကြသည်။
လွှတ်တော်က ကိုယ်စားလှယ်များကတော့ “သို့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ............ကျွန်တော့်၏ အဖေဖြစ်သူမှာ ဖျားနေပါသဖြင့် ဟု ခွင့်တိုင်လေမလား မသိ။
လွှတ်တော် စတင်ရင်တော့ ကလေးများ အိမ်စာပေးလိုက်သလို ကြိုတင်ပေးထားပြီးသား မေးခွန်းများကို ကိုယ်စားလှယ်များက ခပ်တည်တည် ပြန်ဖတ်ရသည်။ လွှတ်တော် ကိုယ်စားလှယ်များက ကလေးများလို ဟိုမေးဒီမေးဖြင့် ဆရာမနှင့်တူသော ၀န်ကြီးဌာနများကို စိတ်ညစ်အောင် လုပ်သည်။ ဆရာမများနှင့် တူ သော ၀န်ကြီးဌာန ကိုယ်စားလှယ်များက ကိုယ်စားလှယ်များ မေးသမျှကို ဆရာမများအတိုင်း ဝေ့လည် ကြောင်ပတ်ဖြေကာ ပညာပြသည်။ စာမရလျှင် ကျူရှင်လာတက်ဟူသော သဘောမျိုး ဖြစ်သည်။
ကလေးများက ဆရာများကို မကျေနပ်သလို လွှတ်တော်ကိုယ်စားလှယ်များကလည်း ၀န်ကြီးများကို သိပ်မကျေနပ်။ ဆရာမများနှင့်တူသော ၀န်ကြီးများကို ကျောင်းအုပ်ကြီးဖြစ်သည့် လွှတ်တော်ဥက္ကဌ ကြီးက မကြာခဏ ဆူသည်။ ဆရာမများ စာကောင်းကောင်း မသင်သလို ၀န်ကြီးများ ကောင်းကောင်း မဖြေ၍ ဖြစ်သည်။ တစ်ခုကောင်းသည်မှာ ၀န်ကြီးများအနေဖြင့် ဆရာမများလို ကျူရှင်မဖွင့်ခြင်းပင် ဖြစ် သည်။ လွှတ်တော်ကိုယ်စားလှယ်များ ကျူရှင်ခ သက်သာသည်။
တချို့ လွှတ်တော် ကိုယ်စားလှယ်များကလည်း မူကြိုကျောင်းသားများလို အိပ်ငိုက်သူ ငိုက်သည်။ တစ်ခါ တရံ အိပ်သူ အိပ်သည်။ မုန့်ခိုးစားသူ စားသည်။ ကျောင်းတွင် စာသင်ချိန် အိပ်ပါက ဆရာမဆူမှာသာ ကြောက်ရသည်။ လွှတ်တော်ထဲမှာတော့ ကိုယ့်ဘေးက ပါတီမတူသူက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်မှာလည်း ကြောက်ရသည်။ ဥက္ကဋ္ဌကြီး မြင်သွားပြီး ဆူမှာလည်း ကြောက်ရသည်။ မီဒီယာတွေ ဖွမှာ ကိုလည်း ကြောက်ရသည်။ အိပ်ငိုက်သည်မှာ လူ့သဘာဝ ဖြစ်သည်။ လွှတ်တော်တွင် အိပ်မငိုက်ရသဖြင့် လူ့အခွင့်အရေး ဆုံးရှုံးနေသယောင် ရှိသည်။ ကလေးများ မူကြိုတွင်တော့ ထမင်းစားပြီးချိန်သည် အိပ်ချိန် ဖြစ်သည်။ လွှတ်တော်တွင်လည်း မူကြိုကလေးများလို ထမင်းစားပြီးချိန်၌ အိပ်ချိန် တစ်ခု ပေးသင့်သည်။ လွှတ်တော်ကိုယ်စားလှယ်တချို့က ချမ်းသာသော်လည်း အများစုမှာ ဆင်းရဲကြသည်။ ကျောင်းသားများ အတိုင်း ဖြစ်သည်။ ချမ်းသာသော ကိုယ်စားလှယ်ကြီးများက တစ်ရက်ကို လေးငါးသိန်းတန် ဟိုတယ်တွင် နေထိုင်ကြသည်။ ဆင်းရဲသော ကိုယ်စားလှယ်များကတော့ သုံးလေးထောင်တန် စည်ပင်ဧည့်ဂေဟာတွင် နားခိုရသည်။
လွှတ်တော် နားရက်များတွင်တော့ ပျော်စရာကောင်းပုံရသည်။ အချို့ ကိုယ်စားလှယ်များက ကေတီဗွီတွေ မာဆက်တွေမှာ ကဲကြသည်။ သူတို့လည်း လောကီသားပေမို့ ကဲချင်ကြပေလိမ့်မည်။ ကျောင်းပိတ်ရက်တွင် တချို့ကလေးများ လမ်းဘေးတွင် ဆော့ကြသည်။ တချို့ကလေးများ ကွန်ပျူတာဖြင့် အဲကွန်းခန်းအတွင်း ဆော့ကြသည်။ တချို့ ကိုယ်စားလှယ်ကြီးများလည်း မိန်းမကိုလွမ်းသဖြင့် အိမ်ပြန်ကြသည်။ ကလေးများ မိဘကို လွမ်းသလိုပင်။
အိမ်ပြန်သော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တနင်္လာနေ့ လွှတ်တော်ပြန်စချိန်တွင် လွှတ်တော် ပြေးလေ့ရှိကြသည်။ ကလေးများလည်း တနင်္လာနေ့ဆိုလျှင် ကျောင်းတတ်ရမှာပျင်းပြီး ကျောင်းပြေးလေ့ရှိ ကြသည်။ ကလေးများ ကျောင်းတက်လျှင် မုန့်ဖိုးရသလို လွှတ်တော် ကိုယ်စားလှယ်ကြီးများလည်း လွှတ် တော်တက်လျှင် တစ်ရက်ကို မုန့်ဖိုး တစ်သောင်းရသည်။ ကလေးများ ကျောင်းလခ ပေးရသော်လည်း လွှတ်တော်ကိုယ်စားလှယ်များက မပေးရချေ။ တစ်လလျှင် သုံးသိန်း ပြန်ရသေး၏။ သို့သော် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့ အရင်းအနှီးကတော့ ကြီးပါသည်။ ၀င်ကြေး ငါးသိန်းပေးရပြီး ၀င်ကြေးပေးတိုင်းလည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် အရွေးခံရသည် မဟုတ်။ ကလေးများကတော့ ကျောင်းလခပေးလျှင် ကျောင်းက လက်ခံပါသည်။
ဒီလောက်ဆိုလျှင် လွှတ်တော်နှင့် မူကြို ကျောင်း မကွာခြားသည်ကို သိလောက်ပြီ ထင်ပါသည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များက နောက်တစ်ကြိမ် အရွေးမခံရလျှင် မူကြိုသို့သွားရောက်ကာ လွှတ်တော် ကို အလွမ်းဖြေနိုင်ပါသည်။