ဇနီးကို မထီမဲ့မြင် လုပ်သည်ဟု ဆိုကာ အရာရှိမှ ရွာသားကို ရိုက်နှက်

ဇနီးကို မထီမဲ့မြင် လုပ်သည်ဟု ဆိုကာ အရာရှိမှ ရွာသားကို ရိုက်နှက်
by -
ကွန်းဟဒေ့
၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် ရွာသားနှစ်ဦးက မိမိ၏ဇနီးကို မထီလေးစားလုပ်သည်ဟု စွပ်စွဲပြီး ရိုက်နှက်ကာ အိမ်မီးရှို့သည်အထိ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ကို်းမိုင်ရွာသားတစ်ဦးက ပြော ...

၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် ရွာသားနှစ်ဦးက မိမိ၏ဇနီးကို မထီလေးစားလုပ်သည်ဟု စွပ်စွဲပြီး ရိုက်နှက်ကာ အိမ်မီးရှို့သည်အထိ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ကို်းမိုင်ရွာသားတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် ၄င်း၏ဇနီးသည်နှင့်အတူ ကိုးမိုင်ကျေးရွာသို့ ကိစ္စတစ်စုံတစ်ရာဖြင့် လာရောက်ခဲ့ရာ ရွာသို့ အရောက်တွင် ၄င်း၏ဇနီးနှင့်အတူ လမ်းဘေးတွင်ရပ်နေချိန်၌ ကိုးမိုင်ကျေးရွာသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ၄င်းအရာရှိနှင့်ဇနီး ရပ်နေရာအနီးအနားမှ ဖြတ်သန်းမောင်းနှင်လာစဉ် မိုးရွာထား၍ လမ်းမပေါ်တွင် တင်ကျန်နေသော ရေကို ဖြတ်ကျော်မောင်းနှင်ခဲ့မိသဖြင့် လမ်းဘေးတွင်ရပ်နေသော အရာရှိဇနီးကို ရေအနည်းငယ် စင်သွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ယင်းရွာသားက ဆက်ပြောသည်။

“သူ့မိန်းမကို ရေနည်းနည်းစင်ထိသွားလို့ ဆိုင်ကယ်ပေါ်ကလူကို ထိုးတယ်၊ တစ်ယောက်ကကြောက်ပြီး ထွက်ပြေးသွားတော့ ပြန်မလာရင် အိမ်မီးရှို့မယ်ဆိုလို့ ပြန်လာပြီး တောင်းပန်တော့လည်း ပြီးထိုးတယ်” ဟုရွာသားတစ်ဦးက ပြောသည်။

“သူတို့က အာဏာရှိတယ်ဆိုတော့ သူတို့လုပ်သမျှကို ခံရမှာပေါ့” ဟု လူငယ်တစ်ဦးက ပြောသည်။

ဤသည်ကိုအရာရှိမှ စိတ်ဆိုးကာ ဆိုင်ကယ်တွင်ပါလာသောသူတစ်ဦးကို အပြင်းအထန် ထိုးညိတ်ခဲ့သည်။ ကျန်တစ်ဦးမှာ ကြောက်ရွံ့ကာ ထွက်ပြေးသွားသဖြင့် ဓါတ်ဆီဆိုင်မှ ဓါတ်ဆီတစ်ပုလင်းကို ယူပြီး ထွက်ပြေးသူ၏ နေအိမ်သို့သွားရောက်ကာ အကယ်၍ ပြန်မလာခဲ့ပါက အိမ်ကို မီးရှို့မည်ဟု ခြိမ်းခြောက်သောကြောင့် ထွက်ပြေးသွားသူမှာ ပြန်လာပြီး ၄င်းအား တောင်းပန်ခဲ့သည်။ ထိုကဲ့သို့တောင်းပန်ပါသော်လည်း အရာရှိမှ မကျေနပ်သေးပဲ ထပ်မံရိုက်နှက်ကာ ၂၉၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင် ထားခဲ့သေးသည်ဟု ကိုးမိုင်ရွာသားတစ်ဦးက ပြောပြခဲ့သည်။

ရေးမြို့နယ်ရှိ တချို့ကျေးရွာများ အထူးသဖြင့် မွန်ခွဲထွက်ရေးအဖွဲ့ လှုပ်ရှားရာအနီးတဝိုက်ရှိ ရွာများတွင် နအဖစစ်သားများက ဒေသခံရွာသားများကို မကြာခဏ မတရားအနိုင်ကျင့်မှုမျိုး ပြုလုပ်လေ့ရှိသည်။ နအဖအရာရှိ၊ စစ်သားများအား အလှည့်ကျ အခမဲ့ ဆိုင်ကယ်သုံးစွဲခွင့်ပေးရခြင်း၊ ချောဆွဲခံရခြင်း၊ လုပ်အားပေးအတင်းအဓမ္မ စေခိုင်းခံခြင်းမျိုး အမြဲတမ်းလိုလို ပြုလုပ်တတ်ကြသည်ဟု ဒေသခံရွာသားများက ဆိုသည်။

Most read this week