ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)သည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲဝင်မဝင်၊ SNLDနှင့် SNDP နှစ်ပါတီ ပေါင်းရေး၊ မပေါင်းရေးကို မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတွင် ကျင်းပလျှက်ရှိသည့် ပါတီ၏ မြို့နယ်ပေါင်းစုံ ညီလာခံ အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ထုတ်ပြန်သွားမည်ဟု SNLD ပါတီ၏ ဗဟို စည်းရုံးရေးမှူး ဦးစိုင်းခင်မောင်ညွန့်က မတ် ၂၄ ရက်တွင် မဇ္စျိမကို ပြောသည်။
" နှစ်ပါတီ ပေါင်းစည်းရေး ၊မစည်းရေးရယ် ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာ အများဆန္ဒ ညီလာခံအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ သုံးရက်တာ ညီလာခံ ပြီးသွားရင် အဖြေတစ်ခု ထွက်ပေါ်လာမှာ ဖြစ်တယ် " ဟုပြောသည်။
ယင်းမြို့နယ်ပေါင်းစုံ ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ် ၃၆ မြို့နယ်အတွင်းရှိ ကိုယ်စားလှယ်များက တစ်မြို့ နယ်လျှင် ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ဆွေးနွေးလျှက်ရှိသည်။
မတ် ၂၄ ရက်တွင် နှစ်ပါတီ ပေါင်းစည်း သင့် ၊မသင့် နှင့် ပတ်သက်ပြီး ကွန်ဟိန်း၊ ကျေးသီး၊ ကျိုင်းတုံ၊ ကျောက်မဲ၊ ဆီဆိုင်၊ သီပေါ အစရှိသည့် ၆မြို့နယ်မှ အဆိုများတင်သွင်းထားပြီး ၃ မြို့နယ်က ပေါင်းစည်းရန် ဆွေးနွေးထားသည် ဟုလည်း ဦးစိုင်းခင်မောင်ညွန့်က ဆိုသည်။
"သက်ဆိုင်ရာ မြို့နယ် ၃၆ မြို့နယ်လုံးက အစီရင်ခံစာတင်သွင်းသွားမယ် ဆိုတော့ SNDP နဲ့ပေါင်းသင့်မသင့်ဆိုတာလည်း မြို့နယ် ကိုယ်စားလှယ် အနေနဲ့တက်ရောက်လာသူ သုံးဦးက မဲပေးခွင့် ရှိတယ်၊ မဲပေးပြီးတော့ ဆုံးဖြတ်သွားမယ် " ဟု ၎င်းကပြောသည်။
ပါတီ၏ လုပ်ငန်းစဉ် နှင့် ပတ်သတ်ပြီး မူဝါဒပိုင်း ပြင်သင့် ၊မပြင်သင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရာတွင်လည်း ကိုယ်တိုင်လွတ်လပ်စွာ တင်သွင်းပြီး မိမိကို မကြိုက်ပါကလည်း နှုတ်ထွက်ပေးနိုင်သည်ဟု SNLD ပါတီ၏ မြို့နယ်ပေါင်းစုံ ညီလာခံ အဖွင့်မိန့်ခွန်းတွင် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ထည့်သွင်းပြောဆိုသွားသည်။
သုံးရက်တာ ကျင်းပလျက်ရှိသည့် ညီလာခံသို့ ပါတီစတင်တည်ထောင်သူ ၁၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ရဦး၊ ဗဟိုကော်မတီဝင် ရဦး၊ မြို့နယ်ပေါင်းစုံ (၃၆) မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် သုံးဦးစီ တက်ရောက်လျက်ရှိသည်။
ယခုပါတီ၏ မြို့နယ်ပေါင်းစုံညီလာခံသည် တံခါးပိတ်အစည်းအဝေးဖြစ်၍ မီဒီယာသမားများ ဝင်ခွင့်မရပေ။