ပန်းမြောင်းရွာကမ်းထိန်းနံရံ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်အကုန်အကျခံမည်

ပန်းမြောင်းရွာကမ်းထိန်းနံရံ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်အကုန်အကျခံမည်
by -
နိရဥ္စရာ

နိုင်ငံတော်အစိုးရ ခွင့်ပြုငွေ ကျပ်သိးန်ပေါင်း တစ်ထောင်ကျော်ဖြင့် မင်းပြားမြို့နယ် ပန်းမြောင်းရွာ လေးမြို့မြစ် ကမ်းထိန်း နံရံကို ယခုုအခါ စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ အရှည်ပေ ၃၇၅ ရှိတဲ့ လေးမြို့မြစ် ကမ်းထိန်းနံရံကို အစိုးရခွင့်ပြုငွေ ကျပ်သိန်းပေါင်း (၁၀၈၀) နဲ့ အကုန်အကျခံ တည်ဆောက်နေပါတယ်” ဟု ပန်းမြောင်းဒေသခံ ဆရာဦးကျော်မြက နိရဥ္စရာကို ပြောသည်။

ယခုအခါ ယင်းမြစ်ကမ်းနံရံထိန်း တည်ဆောက်မူ လုပ်ငန်းကို ပန်းမြောင်း စျေးပိုင်းနှင့် ဥယျာဉ်သာဆိုသော နေရာများတွင် ကွန်ကရက်တိုင်များ စိုက်ထူကာ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

“မိုးရာသီဆိုရင် တောင်ကျရေပေါက်ပြီး လေးမြို့မြစ်မှာ ရေကြီးပါတယ်။ အဲဒီလို မြစ်ရေကြီးတဲ့အခါ ရေတွေ လျှံပြီး ပန်းမြောင်းကမ်းကို တိုက်ရိုက်လာ တိုက်စားပါတယ်။ဒါကြောင့် ကျွန်တော်တို့ ပန်းမြောင်းရွာဟာကမ်း ပြိုတဲ့ဒဏ်ကို နှစ်စဉ်လိုလို အများဆုံး ခံရတယ်။ အရင်အဆက်ဆက်ကတည်းက မိုးရာသီဆို ကမ်းပြိုတဲ့အတွက် အခုဆိုရင် စျေးဝင်းတောင် မရှိတော့တဲ့ အခြေအနေရောက်သွားပါပြီ” ဟုဆိုသည်။

ကမ်းပါး နှစ်စဉ် ပြိုသဖြင့် အနည်းဆုံး အိမ်ခြေလည်း(၃၀၀)လောက် ကမ်းပါးပြိုရာတွင် ပါသွားခဲ့ကြောင်း၊ သို့အတွက် လွှတ်တော်ကို အခြေအနေကို တင်ပြပြီး ရေဘေးအန္တာရာယ် ကာကွယ်နိုင်ရန် တောင်းဆိုသဖြင့် နိုင်ငံတော် အစိုးရမှ ပန်းမြောင်းရွာအတွက် ကျပ်သိန်း(၁၀၈၀)ခွင့်ပြုလိုက်ကြောင်း ဦးကျော်မြက ရှင်းပြသည်။

ယခုစီမံကိန်းတွင် ပန်းမြောင်းရွာကမ်းတစ်လျှောက် ကွန်ကရစ်တိုင်အ လုံး(၄၀)ခန့်စိုက်ထားပြီးဖြစ်ကြောင်း၊ ယင်းတိုင်များကို မြေအောက်မှာ ပေ(၄၀)လောက်အနက်သွင်းပြီး စို်က်ထားသည်ဟု တာဝန်ယူဆောက် လုပ်သူက ပြောသည်။

၎င်းစီမံကိန်းကို ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူ ပေါက်တောမြို့မှ ဆရာဦးရွှေမြင့်ကလုပ်ကိုင်ဆောင်ရွက် နေသော အခြေအနေကို နိရဥ္စရာသို့ ယခုလို ပြောပြသည်။

“ဒီစီမံကိန်းကို ဒေသခံတွေက သဘောကျကြပါတယ်။ ဒီစီမံကိန်ုးကို စလုပ်နေကြတာ တစ်လခွဲလောက် ရှိပါပြီ။ ဒါပေမယ့် မိုးရာသီကမ်းပါးဆက် ပြိူမှုဖြစ်လာမှာကို ဒေသခံတွေက အမြဲတမ်း စိုးရိမ်နေကြပါတယ်။ ပေ(၃၇၅) လောက်လေး လုပ်လို့ ကမ်းပါးပြိုတာကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး အလယ်ကတစ်ခုတည်းလုပ်ပြီးကျန်အပိုင်း တွေကို ဆက်မလုပ်ရင် အတွင်းဘက်ကို ပိုရေတိုက်စားသွားမှာကိုလည်း စိုးရိမ်နေကြတာပါ။ လက်ရှိမှာတော့ ကျန်တဲ့ ရေထောင်းခံနေရာတွေကို  တိုင်းတာပြီး ဆက်တင်ပြဆောင်ရွက် မယ်လို့ကြားပါတယ်’’ ဟု ဆိုသည်။

အဆိုပါ စီမံကိန်းအား အစိုးရဆီမှ ကန်ထရိုက်ယူထားသော ကုမ္ပဏီတို့က ညှိနှိုင်း ဆောက်လုပ်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း စီမံကိန်းနေရာတွင် ကုမ္ပဏီနှင့် သက်ဆိုင်သော အမှတ်တံဆိပ်ဆိုင်းဘုတ်မှ ထားရှိခြင်းမရှိသဖြင့် မည့်သည့်ကုမ္ပဏီကတာဝန်ယူသည်ကို ဒေသခံများ မသိရဟုဆိုသည်။

ပန်းမြောင်းတွင်  ၁၉၉၇ ခုနှစ် ရေကြီးမှုတွင်လည်း ကမ်းပါးပြို၍ အိမ်ခြေ(၂၀၀) နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Most read this week