နေရပ် ပြန်ကြသည့် ထိုင်းရောက် သျှမ်းပြည် သားများအား သင်္ကြန်ကာလ နောက်ပိုင်း မှသာ မှတ်ပုံတင် လုပ်ပေး နိုင်တော့ မည်ဖြစ်ကြောင်း သျှမ်းပြည် တောင်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် လဝကနှင့် နီးစပ်သူတစ်ဦးက“ အခုက သန်းခေါင်စာရင်းကောက်ဖို့ ဝန်ထမ်း တွေ အလုပ်ရှုပ်နေကြတယ်လေ။ ဒါကြောင့် မှတ်ပုံတင်မလုပ်ပေးတာဖြစ်တယ်။ သန်းခေါင်စာရင်းကောက်ပြီးရင် သင်္ကြန်ကာလ ဖြစ်ပြန်ရော။ ရုံးတွေပိတ်မယ်လေ။ ဒါကြောင့် သင်္ကြန်ကာလနောက်ပိုင်းမှ ပြန်လုပ်ပေးနိုင်မယ်” ဟု ပြောပါသည်။
Myanmar Census 2014 ကိုလာမည့်မတ်ခ်ျလ ၃၀ မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်းလုံး သန်းခေါင်စာရင်း ကောက်ယူရာတွင် မိမိနာမည်စာရင်းထည့်သွင်းရန်၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မရှိသေးသူများ ပြန်လုပ်ရန်အတွက် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမားများက ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ နေရပ်သို့အသီးသီး ပြန်နေကြခြင်း ဖြစ်သည်။
“မတ်ခ်ျလလယ်က မှတ်ပုံတင်လုပ်ဖို့ ထိုင်းကနေ ရွာပြန်မလို့ မယ်ဆိုင်- တာချီလိတ်တံတားတောင် မကူးရသေး ဘူး ခိုလမ်ကနေ ဖုန်းဆက်လာတယ်။ လဝကရုံးပိတ်ထားတယ်။ မှတ်ပုံတင်မလုပ်ပေးဘူး။ ပြန်လည်းလမ်းစရိတ် ဘဲ ကုန်မယ်ဆိုတော့ ကျမတို့လည်း စိတ်ဓါတ်ကျပြီး ထိုင်းကိုပြန်လှည့်လာခဲ့တာ” ဟု ချင်းမိုင်မြို့ မယ်ဟေ့အုပ်စု အတွင်း အလုပ်သမားတန်းလျား တွင် နေထိုင်သည့် သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲဒေသခံ နန်းမိုက ပြောသည်။
သျှမ်းပြည်တောင်ပိုင်း ပင်လုံ၊ နမ့်ဇန်၊ ခိုလမ်၊ မိုးနဲ၊ လင်းခေးနှင့် မိုင်းပန်တို့တွင် ယခုအပတ်အတွင်း ဝန်ထမ်းများ သန်းခေါင် စာရင်းကောက်ယူရေး သင်တန်းရှိသည့်အတွက် လဝကရုံးများ ခေတ္တပိတ်ထားခြင်းဖြစ်ကြောင်း၊ လာ မည့်အပတ်မှသာ ရုံးပြန်ဖွင့်မည်ဖြစ်ကြောင်း ဆိုပါသည်။
သန်ခေါင်းစားရင်ကောက်ယူမည့်ကိစ္စနှင့် ပတ်သက်၍ အိမ်ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မရှိသော်လည်း သန်းခေါင်စာရင်းပေးသွင်းနိုင်ကြောင်း အဆိုပါ လဝကနှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ ရှင်းပြပါ သည်။
“ထိုင်းက ပြန်လာတဲ့ လူတော်တော်များများက မှတ်ပုံတင်မရှိရင် အိမ်ထောင်စုစာရင်းမရှိရင် သန်းခေါင်စာရင်း ပေးလို့ မရဘူးလို့ ထင်နေကြတယ်လေ။ တကယ်တမ်း မှတ်ပုံတင်မရှိလည်း သန်းခေါင်စာရင်းကောက်တဲ့ချိန် ဆိုရင် လူက မြန်မာပြည် တနေရာရာမှာ ရှိနေရင် စာရင်းသွင်းလို့ ရတယ်။ တွေ့တဲ့သူတိုင်းကို စာရင်းကောက်ယူ သွားမှာ။ တကယ်လို့ ကိုယ်က မြန်မာပြည်မှာ ရှိမနေရင်လည်း ကိုယ့်အမျိုးတယောက်ယောက်က ကိုယ့်မှာသက် ရှိ ထင်ရှားရှိနေကြောင်း၊ ဘယ်နိုင်ငံမှာ အလုပ်လုပ်နေကြောင်း ပြောပေးရင်လည်း သန်းခေါင်စာရင်းပေးသွင်းနိုင် ပါတယ်။ သန်းခေါင်စာရင်းသွင်းနိုင်ဖို့ အဓိက ဖြစ်နေတယ်အခု။ တကယ်တော့ မှတ်ပုံတင်က ဘယ်ချိန်လုပ်လုပ် ရပါတယ်။”
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိလည်ပတ်ခဲ့ကြသော ကျားဖြူပါတီမှ လွှတ်တော်ကိုယ်စားလှယ်တိုင်းကမူ နေရပ်ပြန် မှတ်ပုံတင်ပြုလုပ်ကြရန် သျှမ်းရွှေ့ပြောင်းအလုပ်သမားများအား တိုက်တွန်းပြောဆိုသွားခဲ့ကြသည်။
မှတ်ပုံတင်လုပ်ကြရန် တိုက်တွန်းခဲ့သည်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသားတယောက်အနေ ဖြင့် မဲပေးနိုင်ရန်အတွက်ဖြစ်ကြောင်း၊ နိုင်ငံသားတယောက်ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် ဖြစ်ကြောင်း လည်း ရှင်းပြသည်။
သို့သော် ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေသော သျှမ်းပြည်သား သိန်းနှင့်ချီသည့်အနက် မှတ်ပုံတင် ပြုလုပ်ရန် နေရပ်ပြန်ကြသည်မှာ အနည်းငယ်မျှသာဖြစ်ကြောင်း ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌက ပြောသည်။